၁၉.၃.၂၀၂၆
Written by NYL
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ် ၂၀ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပရာတွင် ဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော်သို့ နှုတ်ခွန်းဆက်စကားပြောကြားမည်ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများ စတင်ကျင်းပမည့် နေ့ရက်ကို သတ်မှတ် ကြေညာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့် ပထမနေ့တွင် သမ္မတရွေးချယ်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်စရာများကို လုပ်ဆောင်သွားရန်ရှိကြောင်းကို ဖိတ်စာအရ သိရကြောင်း ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၂) ဒေါက်တာတူးဂျာက မတ် ၁၉ ရက်တွင် ပြောကြားသည်။
ဖိတ်စာအရ “ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများ စတင်ကျင်းပမည့် နေ့ရက်ကို သတ်မှတ် ကြေညာမည်ဟုလည်း ဖော်ပြထားသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတူးဂျာက ” မနက်ဖြန် ကျင်းပမဲ့ ပြည်ထောင်စုလွှတ်တော်အတွက် ဖိတ်စာရောက်ရှိတယ်။ ဆက်လုပ်ရမဲ့ ကိစ္စတွေကို ဆွေးနွေးမှာပါ။ သမ္မတရွေးချယ်ရေး ဒါတွေကို ဆွေးနွေးမှာ။ မနက်ဖြန်ကတော့ ရွေးချယ်တာမဟုတ်သေးဘူး။ ဘယ်လိုရွေးချယ်မလဲဆိုတာကို သူတို့ဆွေးနွေးတင်ပြမယ်ထင်ပါတယ်။ အစီအစဉ်များများမရှိပါဘူး။ ကျွန်တော်ကတော့ အခုချိန်ထိ ရိုးရိုး Member တစ်ယောက်အနေနဲ့ အစည်းအဝေးတက်ဖို့ပဲရှိပါတယ် ” ဟု ပြောကြားခဲ့သည်။
မနက်ဖြန်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၂) ဦးဝဏ္ဏစိုးက “မနက်ဖြန် လွှတ်တော်တက်ရဖို့ရှိပါတယ်။ ဟုတ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးပါ။ ပုံမှန်လုပ်နေကြ မနက် ၁၀ နာရီစတင်ပါမယ်” ဟု ပြောကြားခဲ့သည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ် ၁၆ ရက်၊ နံနက် ၁၀ နာရီတွင်လည်းကောင်း တတိယအကြိမ် အမျိုးသား ပထမပုံမှန်အစည်းအဝေးကို မတ် ၁၈ ရက်၊ နံနက် ၁၀ နာရီတွင်လည်းကောင်း အသီးသီးကျင်းပခဲ့ပြီးဖြစ်သည်။
