◾️ ၎င်းတို့ သုံးဦးသည် နှစ်လအတွင်း အခေါက်ရွှေ ၁,၃၅၉ ကျပ်သားကို ပြင်ပပေါက်ဈေးနှုန်းဖြင့် ဝယ်ယူကာ ၁၂၈၀ ကျပ်သားကျော်ကို အမြတ်ယူကာ ဈေးနှုန်းမြှင့်တင်ပြန်လည်ရောင်းချခဲ့သူများဖြစ်
၁၉. ၃. ၂၀၂၆
Written by Nyein Kyaw
ရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်မှုကြောင့် ဖမ်းဆီးအရေးယူထားသော ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်းနှင့် အတွင်းရေးမှူး ဦးနေမျိုးထက်တို့ သုံးဦးကို ထောင်ဒဏ်သုံးနှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။
ရွှေဈေးနှုန်းတည်ငြိမ်ရေး ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ရမည့် တာဝန်ရှိသူများဖြစ်ပါလျက် ရွှေတုံးရွှေခဲများကို ဝယ်ယူ/သိုလှောင်၊ အရောင်းအဝယ်ပြုလုပ်ခဲ့သည့် ရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်၍ ပြင်ပရွှေပေါက်ဈေးနှုန်းဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူ/သိုလှောင်ခြင်း၊ အရောင်းအဝယ်ပြုလုပ် YGEA ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ သုံးဦးကို ဖမ်းဆီးအရေးယူထားကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။
YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်(သိန်းသန်းစိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း(အကယ်ဒမီရွှေဆိုင်)နှင့် အတွင်းရေးမှူး ဦးနေမျိုးထက်(ရွှေစင်အကယ်ဒမီရွှေဆိုင်)တို့ သုံးဦးသည် ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများဖြစ်လျက်နှင့် ၎င်းတို့ကိုယ်တိုင်က ရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်၍ ပြင်ပရွှေပေါက်ဈေးနှုန်းဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူ/သိုလှောင်ခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ဆောင်ရွက်ခဲ့ရာတွင် ဦးမျိုးမြင့်အနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အလေးချိန်စုစုပေါင်း ၇၀ ကျပ်သားရှိ အခေါက်ရွှေတုံး ၈ တုံးကို ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူခဲ့ပြီး အမြတ်တင်ပြန်လည်ရောင်းချရန် သိုလှောင်ထားရှိခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထို့အတူ ဦးမျိုးသူဝင်းအနေဖြင့် ၎င်း၏ရွှေဆိုင်များ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၉၇၀ ကျပ်သားအား ပြင်ပပေါက်ဈေးနှုန်းဖြင့် ဝယ်ယူ၍ ရွှေ ၉၅၀ ကျပ်သားအား အမြတ်ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အလားတူ ဦးနေမျိုးထက်အနေဖြင့် ၎င်း၏ရွှေဆိုင်များ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၃၁၉ ကျပ်သားအား ပြင်ပပေါက်ဈေးနှုန်းဖြင့် ဝယ်ယူ၍ ရွှေ ၂၆၈ ကျပ်သားအား အမြတ်ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ကြောင်း စိစစ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဦးမျိုးမြင့်၊ ဦးမျိုးသူဝင်းနှင့် ဦးနေမျိုးထက်တို့ ၃ ဦးသည် ရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူ/သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ခြင်းများမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာပါ တားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်ရာရောက်သဖြင့် ၎င်းတို့ ၃ ဦးအပေါ် တည်ဆဲဥပဒေများနှင့်အညီ ဖေဖော်ဝါရီလဆန်းတွင် ဖမ်းဆီးအရေးယူခဲ့ပြီးနောက် ၎င်းတို့သုံးဦးအား ထောင်ဒဏ်သုံးနှစ်စီ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ယနေ့တွင် သိရှိရသည်။
ထို့အပြင် ရွှေလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းရွှေဈေးကွက်တည်ငြိမ်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်မှထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များအား တိကျစွာ လိုက်နာဆောင်ရွက်သွားကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ရွှေလုပ်ငန်းရှင်များကို ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်ထားပြီးဖြစ်သည်။
