၁၉.၃.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးကောက်တင်မြှောက်မှုကို အောက်လွှတ်တော်တွင် မတ်လ ၁၉ ရက်က မဲခွဲဆုံးဖြတ်ခဲ့ရာ ဘွမ်ဂျေထိုင်း (Bhumjaithai)ပါတီမှ ကိုယ်စားလှယ်လောင်း အနျူတင် ချန်ဗီရာကူလ်ကပင် မဲအများစုရရှိကာ နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရကြောင်း သိရသည်။
ဝန်ကြီးချုပ်နေရာအတွက် မဲပေးရွေးချယ်မှု၌ ဖေဖော်ဝါရီလရွေးကောက်ပွဲတွင် အောက်လွှတ်တော်၌ နေရာအများဆုံးရရှိထားသော ဘွမ်ဂျေထိုင်းပါတီခေါင်းဆောင် အနျူတင်က ဒုတိယနေရာရရှိခဲ့သော ပြည်သူ့ပါတီခေါင်းဆောင် နတ်သပွန် ရွမ်ပန်ညာဝပ်နှင့် ယှဉ်ပြိုင်၍ ဝန်ကြီးချုပ်ရာထူး မဲပေးရွေးချယ်ခံခဲ့ခြင်းလည်းဖြစ်သည်။
မဲခွဲဆုံးဖြတ်မှုတွင် အနျူတင်က ထောက်ခံမဲ ၂၉၃ မဲရရှိခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် အတည်ပြုချက်ရရှိရန် လိုအပ်သော အောက်လွှတ်တော်ရှိ အမတ် ၄၉၉ ဦး၏ အများစုကို ကျော်လွန်သွားခဲ့ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ ဆိုဖွန်ဇာရမ်က ကြေညာခဲ့သည်။
ပြိုင်ဖက် နတ်သပွန်က ၁၁၉ မဲ သာ ရရှိခဲ့ကြောင်းလည်း ဆိုဖွန်က ထပ်လောင်းပြောကြားခဲ့သည်။ ကြားနေမဲ ၈၆ မဲ ရှိကြောင်းလည်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ယခင်ဝန်ကြီးချုပ်ဟောင်း ပေတုံတန် ရှင်နာဝပ်ထရာအား တာဝန်မှ ဖယ်ရှားခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် အနျူတင်က ဝန်ကြီးချုပ်တာဝန် ရယူခဲ့ခြင်း ဖြစ်သည်။
Ref- Xinhua
