၁၉.၃.၂၀၂၆
Written by Thiri
ပဲခူးမြို့ရှောင်လမ်းဆုံမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိရာက ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားကြီးတစ်ဦး ဆေးရုံတင်ပို့ ကုသစဉ် သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ် မနေ့က မတ်လ ၁၈ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က မတ်လ ၁၈ ရက် မနက် ၁၁ နာရီအချိန်မှာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ အရှေ့မြို့ရှောင်လမ်း(စိုင်တီ+ကတွင်းခြံ)လမ်းဆုံမှာ ကားနဲ့ ဆိုင်ကယ် မတော်တဆဖြစ်ပြီး လူနာနှစ်ဦးရှိကာ တစ်ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေလို့ တာဝန်သိပြည်သူတချို့က သက်ဆိုင်ရာနဲ့ လူမှုကူညီရေး အသင်းတွေထံ တယ်လီဖုန်းကတစ်ဆင့် အသိပေး အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

တာဝန်ရှိသူတွေရောက်ရှိချိန် ဆိုင်ကယ်စီးလာသူတွေက သားအဖတော်စပ်ပြီး သနပ်ပင်မြို့အပိုင် ကျေးရွာတစ်ရွာကလို့ သိရှိရကြောင်း၊ လမ်းဆုံကို ဆိုင်ကယ်စီးပြီး အရှိန်နဲ့ ဖြတ်သလို ဆိုင်ကယ်စီး ဦးထုပ်လည်း ဆောင်းမထားကြကြောင်း၊ တစ်ဖက်ယာဉ်ကြောက ကားကလည်း အရှိန်နဲ့ လမ်းဆုံကို အဖြတ်မှာ ပြင်းထန်စွာ တိုက်မိကြတာလို့ MT News က ဆက်သွယ်မေးမြန်းမှုအရ သိရပါတယ်။
“ကျွန်တော်တို့ရောက်ကတည်းက သက်ကြီးပိုင်းလူနာက အခြေအနေမကောင်းဘူး။ သားဖြစ်သူ အသက် ၂၁ အရွယ် ကောင်လေးကလည်း စကားမေးမရဘူး။ ဆေးရုံအရောက်မှာ အဖေဖြစ်သူက ဆုံးတယ်။ သူတို့တွေက စပါးပွဲစားတွေလို့တော့ သိရတယ်။ မနေကတည်းက မိသားစုက လိုက်လာကြတယ်”လို့ ကလျာဏမိတ္တ လူမူကူညီရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။
