၁၉.၃.၂၀၂၆
Translated by Htwe Ko Tun
ဆွစ်ဇာလန်နိုင်ငံ၊ အယ်လ်ပ်တောင်တန်းဒေသတွင် လူသိများသော နှင်းလျှောစီးအပန်းဖြေစခန်းတစ်ခု၌ ကေဘယ်လ်ကြိုးဆွဲယာဉ်တစ်စီးက နှင်းထူထပ်နေသော တောင်ပေါ်သို့ မတ်လ ၁၈ ရက်က ပျက်ကျခဲ့ရာ အသက် ၆၁ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
အဆိုပါ မတော်တဆမှု ဖြစ်ပွားချိန်တွင် လူရှစ်ယောက်သယ်ဆောင်နိုင်သော ဂွန်ဒိုလာဟုခေါ်ကြသည့် ကေဘယ်လ်ယာဉ်က ဆွစ်ဇာလန်နိုင်ငံအလယ်ပိုင်း လူသိများသော Engelberg နှင်းလျှောစီးအပန်းဖြေစခန်း၌ သေဆုံးသူအမျိုးသမီးကြီးတစ်ဦးထဲ လိုက်ပါလာစဉ် နှင်းထူထပ်သော တောင်စောင်းပေါ်သို့ ပျက်ကျခဲ့ခြင်းဟုလည်း အာဏာပိုင်များက ပြောခဲ့သည်။


ကေဘယ်လ်ယာဉ်က အယ်လ်ပ်တောင်တန်းဒေသတွင် ခန့်မှန်း မီတာ ၂,၀၀၀(ပေ ၆,၅၆၀ ခန့်) အမြင့်၌ ပျက်ကျခဲ့ခြင်းဖြစ်ရာ ကယ်ဆယ်ရေးသမားများအဖို့ ထိုနေရာသို့ရောက်ရှိရန်ခက်ခဲနေရပြီး ရဟတ်ယာဉ်တစ်စီးကို စေလွှတ်ခဲ့သည်။ အယ်လ်ပ်တောင်တန်းဒေသတွင် မီတာ ၂,၀၀၀ ခန့် အမြင့်၌ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် ရဟတ်ယာဉ်တစ်စင်း မလွဲမသွေ လိုအပ်မည်ဖြစ်သည်။
ကေဘယ်လ်ယာဉ် ပျက်ကျခဲ့မှု၏ အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးကြောင်းရဲတပ်ဖွဲ့က ပြောခဲ့သည်။
ဂွန်ဒိုလာ ကေဘယ်လ်ယာဉ်က လေပြင်းတိုက်ခတ်မှုများကြားတွင် ၎င်း၏ကေဘယ်လ်ကြိုးမှ တောင်စောင်းပေါ်သို့ ပြတ်ကျခြင်းဖြစ်နိုင်ကြောင်းနှင့် တောင်စောင်းတွင် ခြုံတစ်ခုနှင့်တိုးမိ၍ ရပ်တန့်မသွားမီ အကြိမ်များစွာ လိမ့်သွားခဲ့သေးကြောင်းလည်းသတင်းများက ဖော်ပြခဲ့ကြသည်။
အဆိုပါကေဘယ်လ်ယာဉ် ပျက်ကျသောအချိန်၌ ကေဘယ်လ်ကြိုးပေါ်တွင် အခြား ဂွန်ဒိုလာများနှင့်ခရီးသွားနေသူ ၁၀၀ မှ ၂၀၀ ကြားရှိကြောင်းလည်း သိရသည်။
Ref- DW News
