၁၇.၃.၂၀၂၆
Written by Thiri
ချင်းတွင်းမြစ်အတွင်း အသက် ၁၄ နှစ်ဝန်းကျင် ဆယ်ကျော်သက် (၅)ဦး ရေဆင်းချိုးရာက ကျား (၂)ဦး၊ မ(၁)ဦး ရေနစ်ပျောက်ဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က မတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့်က မုံရွာမြို့မှာဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)ထံကနေ သိရပါတယ်။
ဖြစ်စဉ်က မနေ့က ညနေ ၆ နာရီခန့်မှာ ချင်းတွင်းမြစ် ဇက်ဆိပ်အနီးမှာ ကလေး ၅ ဦးခန့် ရေဆင်းချိုးရာက ရေနစ်မြုပ်နေကြောင်း တာဝန်သိပြည်သူတစ်ဦးရဲ့ တယ်လီဖုန်းဆက်သွယ် အကြောင်းကြားမှုအရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့နယ်ရုံးမှ ရေငုပ်ရှာဖွေရေးအဖွဲ့ဝင်တွေ ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်နေရာကို ရောက်ရှိစဉ် ရေနစ်သူ ကလေး(၅)ဦးအနက်မှ ယောကျ်ားလေး၂ ဦးကို အနီးရှိ စက်လှေသမားတွေက အသက်ရှင်လျက် ဆယ်ယူခဲ့ပြီး နောက်ထပ် ရေနစ်သူ ကလေး (၃) ဦးကိုတော့ Monywa Rescue Diver Team မှ ကူညီရှာဖွေမှုတွေ ဆောင်ရွက်ခဲ့ပေမယ့် ရှာဖွေတွေ့ရှိခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။



