၁၇.၃.၂၀၂၆
Translated by Htwe Ko Tun
အာဖဂန်နစ္စတန်နိုင်ငံ၊ တာလီဘန်အစိုးရက ကဘူးလ်မြို့ရှိ မူးယစ်ဆေးဝါးကုသရေးဌာနတစ်ခုကို ပါကစ္စတန်ဘက်က မတ်လ ၁၆ ရက်ညပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး လူ ၄၀၀ ဦး သေဆုံးခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ ပါကစ္စတန်က ထိုပြောကြားချက်ကို ငြင်းဆိုခဲ့ပြီး သူ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက စစ်ဘက်အဆောက်အအုံတွေကိုသာ တိုက်ခိုက်တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အာဖဂန်နစ္စတန် အစိုးရကတော့ မတ်လ ၁၆ ရက်ညနှောင်းပိုင်းမှာ ကဘူးလ်မြို့ရှိ မူးယစ်ဆေးဝါး ကုသရေးဆေးရုံတစ်ခုမှာ အနည်းဆုံး လူ ၄၀၀ သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုကို ပါကစ္စတန်က လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
အာဖဂန်နစ္စတန်အရာရှိတွေက တိုက်ခိုက်မှုက ဒေသစံတော်ချိန်ည ၉ နာရီခန့် (GMT ၁၆၃၀) တွင် ကုတင် ၂,၀၀၀ ဆံ့ မူးယစ်ဆေးစွဲ ပြန်လည်ထူထောင်ရေးဌာနကို ထိမှန်ခဲ့ပြီး ကြီးမားတဲ့ထိခိုက်ပျက်စီးမှုတွေဖြစ်ကာ လူရာနဲ့ချီပြီး ဒဏ်ရာရမှုတွေဖြစ်စေခဲ့တယ်လို့ ပြောခဲ့ကြပါတယ်။ အိမ်နီးချင်းနှစ်နိုင်ငံကြား ရက်သတ္တပတ်ကြာ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေ အဓိက မြင့်တက်လာမှုတစ်ရပ်လို့လည်း သူတို့က ဆိုကြပါတယ်။
တာလီဘန်အစိုးရရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဟမ်ဒူလာ ဖီးထရတ်က ဆေးရုံကို လေကြောင်း တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၄၀၀ သေဆုံးခဲ့ပြီး ရာနှင့်ချီ၍ ဒဏ်ရာရရှိခဲ့တယ်လို့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဖီးထရတ်က “အခုဆို ကယ်ဆယ်ရေးအဖွဲ့တွေက မီးကို ထိန်းချုပ်နိုင်ဖို့နဲ့ ဓားစာခံသေဆုံးသူတွေရဲ့ အလောင်းတွေ ပြန်ရဖို့ ကြိုးစားနေကြတယ်”လို့လည်း ဆိုခဲ့ပါတယ်၊
ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး အတ်တုလာ တာရာကတော ပါကစ္စတန်အနေနဲ့ အရပ်ဘက်အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားခြင်းမရှိဘူးလို့ ငြင်းဆိုခဲ့ပြီး ပါကစ္စတန်လက်နက်ကိုင်တပ်ဖွဲ့တွေဟာလည်း ကဘူးလ်မြို့နဲ့ အာဖဂန်အရှေ့ပိုင်း နန်ဂါဟာပြည်နယ်ရှိ စစ်ရေးအဆောက်အအုံတွေနဲ့ အကြမ်းဖက်ထောက်ပံ့ရေး အခြေခံအဆောက်အအုံတွေကို ရည်ရွယ်တဲ့ တိကျတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုသာ ပြုလုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘတ်ဇ် ရှာရစ်ဖ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုရှာရက်ဖ် ဇိုင်ဒီကလည်း ကဘူးလ်မှာ ဘယ်ဆေးရုံကိုမှ ပစ်မှတ်မထားခဲ့ဘူးလို့ ပြောကြားခဲ့ပြီး စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ သုံးပတ်အတွင်း အိမ်နီးချင်းနှစ်နိုင်ငံကြား ရန်လိုမှုတွေ ပြန်လည်ဖြစ်ပွားပြီး ပိုမိုပြင်းထန်လာကာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီက အာဖဂန်နစ္စတန်ရှိ တာလီဘန်အာဏာပိုင်တွေကို အကြမ်းဖက်မှုကို တိုက်ဖျက်ရန် ကြိုးပမ်းမှုတွေ တိုးမြှင့်ဖို့ မတ်လ ၁၅ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။
တာလီဘန်အစိုးရကတော့ သူ့ရဲ့နယ်မြေမှာ စစ်သွေးကြွအဖွဲ့တွေနဲ့ ပါဝင်ပတ်သက်မှု ဒါမှမဟုတ် ပံ့ပိုးမှု တစ်စုံတစ်ရာမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
Ref- DW News
