သက်တံ့
၁၇. ၃. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ တဲန်နိုပါလ် (Tengnoupal) ခရိုင်အတွင်းရှိ အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင် ကသည်းသူပုန် ၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့ (မတ်လ ၁၇ ရက်) တွင် ပြောကြားခဲ့သည်။
အဆိုပါ သူပုန်များသည် ကသည်းသူပုန်အဖွဲ့များမှဖြစ်ပြီး မြန်မာနိုင်ငံအတွင်း အခြေပြုကာ လှုပ်ရှားမှုများ ကာလရှည်ပြုလုပ်နေသည့် PREPAK (People’s Revolutionary Party of Kangleipak )၊ KYKL (Kanglei Yawol Kanna Lup) နှင့် KCP/MFL (Kangleipak Communist Party (MFL)) အဖွဲ့များမှ ဖြစ်ကြောင်း သိရသည်။
ပြည်နယ်အတွင်း ဆက်ကြေးကောက်ခံခြင်းနှင့် အခြားရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေသူများကို ဖမ်းဆီးနိုင်ရန် ထောက်လှမ်းရေးသတင်းများအပေါ် အခြေခံ၍ ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း (Cordon and Search Operation) ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိရာ ၎င်းတို့ကို တနင်္ဂနွေနေ့ (မတ်လ ၁၅ ရက်) က မဏိပူရ်ပြည်နယ်၊ တဲန်နိုပါလ် (Tengnoupal) ခရိုင် အိန္ဒိယ-မြန်မာနယ်စပ် လမ်းပိုင်းတစ်လျှောက် မိုရေး (Moreh) ရဲစခန်းနယ်မြေအတွင်းရှိ နယ်စပ်မှတ်တိုင် ၇၃ နှင့် ၇၅ အကြား ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသူများမှာ PREPAK အဖွဲ့ဝင်များဖြစ်သည့် Waikhong ရွာမှ Thangjam Ashok Kumar Singh (ခ) Khongthang နှင့် Sagolmang Awang Leikai မှ Laishram Nipamacha Singh (ခ) Loiya၊ KYKL အဖွဲ့မှ Sugnu Awang Leikai မှ Thangjam Manimatum Meitei (ခ) Sana နှင့် KCP-MFL အဖွဲ့မှ Urup Makha Leikai မှ Laishram Inao Singh (ခ) Sanamacha နှင့် Lamlai Nongada မှ Chingangbam Shakti Singh (ခ) Phairen တို့ဖြစ်သည်။
ထို့အတူ အဆိုပါခရိုင်အတွင်းရှိ Boljang တောင်တန်းတွင် လုပ်ဆောင်ခဲ့သော အခြားသီးခြားစစ်ဆင်ရေးတစ်ခု၌ လုံခြုံရေးတပ်ဖွဲ့များသည် လက်လုပ်ဖောက်ခွဲရေးပစ္စည်း (IED) ၈ လုံး၊ ပစ္စတိုတစ်လက်နှင့် ကျည်အိမ်တစ်ခု၊ လက်လုပ်မော်တာတစ်လက်၊ မော်တိုရိုလာ (Motorola) ရေဒီယိုစကားပြောစက် ၂ လုံး (ဘက်ထရီများအပါအဝင်) နှင့် အရွယ်အစားစုံ ကျည်ဆန် ၉ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိသော ဖောက်ခွဲရေးပစ္စည်းများကို ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ထုံးလုပ်နည်းများ၊ စံသတ်မှတ်ချက်များနှင့်အညီ တွေ့ရှိရာနေရာ၌ပင် ဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမည်မဖော်လိုသူ ရဲအရာရှိကြီးတစ်ဦးက “မဏိပူရ်ရဲတပ်ဖွဲ့ဟာ ဗဟိုလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြည်နယ်အတွင်းက ဆက်ကြေးကောက်ခံမှုနဲ့ အခြားရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ ဆက်လက်ကြိုးပမ်းနေပါတယ်။ အလားတူ စစ်ဆင်ရေးတွေကို ပြည်နယ်တစ်ဝန်းမှာ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု Hindustan Times (HT) သို့ ပြောကြားခဲ့သည်။
Ref : Hindustan Times & The Hindu
