



နေမိုး
၁၇. ၃. ၂၀၂၆
NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် PDF အဖွဲ့တစ်ခုမှ အဖွဲ့ဝင်ဖြစ်သူ ချောစုဟန်သည် ပြည်သူလူထုလှူဒါန်းငွေများကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်သည်ဟုဆိုကာ ရန်နိုင်ထွန်းဆိုသူက မတ်လ ၅ ရက် ရက်စွဲဖြင့် NUG နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများထံ တိုင်ကြားစာတစ်စောင် ပေးပို့လိုက်သည်။
အဆိုပါ တိုင်ကြားစာတွင် PDF မ ချောစုဟန်သည် ပြည်သူလူထုထံမှ ကောက်ခံရရှိသော အလှူငွေများကို အသုံးပြု၍ iPhone နှင့် မော်တော်ယာဉ်များ ဝယ်ယူခြင်း၊ မိသားစုအတွက် အဖိုးတန်ရတနာပစ္စည်းများ ဝယ်ယူခြင်းနှင့် ယောက္ခမဖြစ်သူ၏ နေအိမ်ဆောက်လုပ်ရေးတွင် ကူညီပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု တိုင်တန်းထားသည်။
ထို့အပြင် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (Amnesty International) ထံမှ လူ့အခွင့်အရေးလှုပ်ရှားမှုများအတွက် ရရှိခဲ့သော ရန်ပုံငွေ မြန်မာကျပ်ငွေ ၃၅ သိန်းခန့်ကိုလည်း စာရင်းဖျောက်၍ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ကြောင်း ဖော်ပြထားသည်။
တိုင်ကြားသူ ရန်နိုင်ထွန်းက “ချောစုဟန်၏ ယခုကဲ့သို့ အလှူငွေ အလွဲသုံးစားပြုလုပ်မှုများသည် ကျဆင်းနေပြီဖြစ်သော NUG ၏ ပုံရိပ်နှင့် PDF အင်အားစုများအပေါ် ပြည်သူလူထု၏ ယုံကြည်မှုကို ထိခိုက်စေနိုင်သဖြင့် ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးပေးရန်လည်း တောင်းဆိုထားသည်။
ထိုသို့ တိုင်ကြားသူ ရန်နိုင်ထွန်းကို PDF မ ချောစုဟန်နှင့် လင်ဖြစ်သူထက်မြတ်က စာပို့ ခြိမ်းခြောက်မှုများလည်း ပြုလုပ်နေသည်ဟု သိရသည်။
Photo & Ref Phyo Wai Aung
