၁၇. ၃. ၂၀၂၆
Translated by Htwe Ko Tun
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မိုင်ဒူဂူရီ (Maiduguri) မြို့တွင် အသေခံဗုံးခွဲသူများဟု ယူဆရသူများ၏ တိုက်ခိုက်မှုများအတွင်း ပေါက်ကွဲမှုများစွာ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၃ ဦး သေဆုံးပြီး အခြားသူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့ (မတ် ၁၇ ရက်) တွင် ပြောကြားခဲ့သည်။
“ပဏာမ စုံစမ်းစစ်ဆေးမှုတွေအရ ဒီဖြစ်စဉ်တွေကို အသေခံဗုံးခွဲသူလို့ ယူဆရသူတွေက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Nahum Kenneth Daso က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သလို “ဝမ်းနည်းစရာကောင်းတာက စုစုပေါင်း လူ ၂၃ ဦး အသက်ဆုံးရှုံးခဲ့ရပြီး တခြားလူ ၁၀၈ ဦးကတော့ ဒဏ်ရာအပြင်းအထန် အသီးသီး ရရှိခဲ့ကြပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
တနင်္လာနေ့ညနေပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါ ပေါက်ကွဲမှုများသည် တနင်္ဂနွေနေ့ညမှ တနင်္လာနေ့အကူးတွင် စစ်တပ်ကင်းစခန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုကို ဂျီဟတ်ဝါဒီများက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ယူဆထားကြသည်။
ယခင်ညက စစ်တပ်စခန်း တိုက်ခိုက်ခံရမှုနှင့် ဒီဇင်ဘာလအတွင်းက ဗလီတစ်ခု ဗုံးခွဲခံရမှုတို့ ပေါင်းစပ်လိုက်ပါက ယခင်က ငြိမ်းချမ်းခဲ့သော အဆိုပါမြို့၏ အခြေအနေကို ပျက်စီးစေခဲ့သည်။ နိုင်ဂျီးရီးယား၏ ကာလရှည်ကြာနေပြီဖြစ်သော သောင်းကျန်းမှုများသည် ကျေးလက်ဒေသများသို့ ရောက်ရှိသွားချိန်တွင် မိုင်ဒူဂူရီမြို့သည် အတော်လေး ငြိမ်းချမ်းသည့်ဒေသတစ်ခု ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ဘိုကိုဟာရမ် (Boko Haram) နှင့် ပြိုင်ဘက် ဂျီဟတ်အဖွဲ့ဖြစ်သော အစ္စလာမ္မစ်နိုင်ငံတော် အနောက်အာဖရိကခွဲထွက်ရေးအဖွဲ့ (ISWAP) တို့သည် မကြာသေးမီက နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းတွင် တိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လာကြသည်။ ၎င်းတို့၏ နိုင်ဂျီးရီးယားတွင် အစ္စလာမ္မစ်နိုင်ငံတော် (Caliphate) တည်ထောင်ရန် ၁၆ နှစ်ကြာ ဆင်နွှဲနေသော စစ်ဆင်ရေးများကြောင့် လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်း နှစ်သန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
တနင်္လာနေ့ညနေပိုင်းက မြို့ပေါ်ရှိ ဆေးရုံတစ်ခုသို့ ရောက်ရှိခဲ့သော AFP သတင်းထောက်တစ်ဦးသည် တနင်္လာနေ့ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ဒါဇင်ပေါင်းများစွာ ဆေးကုသမှု ခံယူနေရသည်ကို မြင်တွေ့ခဲ့ရသလို၊ ဆေးရုံအပြင်ဘက် လူသွားလမ်းပေါ်တွင်လည်း အဝတ်စများဖြင့် ဖုံးအုပ်ထားသော ရုပ်အလောင်းများစွာကို တွေ့ရှိခဲ့ရသည်။
အင်္ဂါနေ့ နံနက်အစောပိုင်းတွင် ရဲတပ်ဖွဲ့က ထုတ်ပြန်သော ကြေညာချက်၌ ထိခိုက်မှုဖြစ်ပွားခဲ့သော နေရာများတွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ကြောင်းနှင့် နောက်ထပ် ဖြစ်စဉ်များ မဖြစ်ပွားစေရန် မိုင်ဒူဂူရီနှင့် ပတ်ဝန်းကျင်တစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့များ၏ အင်အားနှင့် စောင့်ကြည့်မှုများကို တိုးမြှင့်ထားကြောင်း ဖော်ပြထားသည်။
Ref : NDTV
