၁၇.၃.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းမယ့် နိုင်ငံတကာ ရေနံတင်သင်္ဘောတွေကို ဘေးကင်းစွာသွားလာနိုင်ရေးလိုက်ပါပို့ဆောင်ဖို့ သူ့ရဲ့ တောင်းဆိုချက်တွေကို အမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေက ခါးခါးသီးသီး ငြင်းဆန်ခဲ့ကြမှုအပေါ် ညည်းညူခဲ့ပြီး မဟာမိတ်တွေအနေနဲ့ ဆယ်စုနှစ်များစွာ လုံခြုံရေးအကူအညီတွေ ရရှိပြီးနောက် အမေရိကန်အပေါ် လုံလောက်သော သစ္စာမရှိဘူးလို့ မတ်လ ၁၆ ရက်က ပြောကြားခဲ့ပါတယ်။
အရေးပါတဲ့ ရေလမ်းကြောင်းကို လုံခြုံစေဖို့ အမေရိကန်ရဲ့ ကြိုးပမ်းချက်ကို မထောက်ခံတဲ့ မဟာမိတ်တွေအပေါ် သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ဝေဖန်နေပေမယ့် ဥရောပသမဂ္ဂကတော့ ဟောမုဇ်ရေလက်ကြားတဝိုက်မှာ သူ့ရဲ့ရေတပ်လှုပ်ရှားမှုတွေကို တိုးချဲ့ခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ထရမ့်ပ်က “နိုင်ငံအများအပြားကတော့ သူတို့လာနေပြီလို့ ကျွန်တော့်ကို ပြောပါတယ်။ တချို့က အရမ်းစိတ်အားထက်သန်ကြတယ်၊ တချို့ကတော့ မဟုတ်ကြဘူး။ ဒီနိုင်ငံတွေက ကျွန်တော်တို့ နှစ်ပေါင်းများစွာ ကူညီပေးခဲ့တဲ့ နိုင်ငံတွေပါ။ ကျွန်တော်တို့က သူတို့ကို ကြောက်စရာကောင်းတဲ့ ပြင်ပရင်းမြစ်တွေကနေ ကာကွယ်ပေးခဲ့ပေမယ့် သူတို့က အဲဒီလောက် စိတ်အားထက်သန်မှု မရှိကြဘူး။ စိတ်အားထက်သန်မှုအဆင့်က ကျွန်တော့်အတွက် အရေးကြီးပါတယ်” လို့ အိမ်ဖြူတော်မှာ ကျင်းပတဲ့ပွဲတစ်ခုအတွင်း ဆက်လက်ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်က ဆက်လက်ပြီး “ကျွန်တော်တို့မှာ တကယ်စိတ်အားထက်သန်တဲ့ နိုင်ငံတွေ ရှိပါတယ်။ သူတို့ လာနေပါပြီ။ ခင်ဗျားသိတဲ့အတိုင်းပဲ၊ အဲဒီကို ရောက်ဖို့ အချိန်အနည်းငယ် ကြာပါတယ်။” လို့ ပြောခဲ့ပါတယ်။ ထရမ့်ပ်က နောက်ပိုင်းမှာ သူ့အစိုးရက စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်မယ့်နိုင်ငံ စာရင်းကို ပေးအပ်မယ်လို့ ပြောကြားခဲ့ပါသေးတယ်။
ဒါပေမယ့် ထရမ့်ပ်က အငြင်းပွားနေတဲ့ ရေလမ်းကြောင်းမှတစ်ဆင့် ရေနံတင်သင်္ဘောတွေ ဖြတ်သန်းသွားလာရာမှာ လုံခြုံမှုရှိစေရေး ကူညီပေးဖို့ တခြားနိုင်ငံတွေကို နားချခဲ့ပေမယ့် အခုအချိန်အထိ အမေရိကန်ရဲ့ မဟာမိတ်တွေက တချို့ဆို သူရဲ့တောင်းဆိုချက်ကို လိုက်လျောဖို့ ကတိကဝတ်မပြုတာ ဒါမှမဟုတ် တချို့ဆို သူ့ရဲ့တောင်းဆိုချက်တွေကို လုံးလုံးလျားလျား ငြင်းပယ်တာမျိုးလုပ်နေကြတယ်လို့ ဝန်ခံခဲ့တာပါ။
အီရန်အပေါ် အမေရိကန်နဲ့အစ္စရေးတို့ရဲ့ စစ်ပွဲက အခုဆို တတိယမြောက် ရက်သတ္တပတ်ကိုရောက်လာပါပြီ။ ဒါပေမယ့်စစ်ပွဲက အဆုံးသတ်မယ့်လက္ခဏာမရှိသေးပါဘူး။ ဒီမှာ အီရန်က ကမ္ဘာ့ရေနံနဲ့သဘာဝဓာတ်ငွေ့ ထွက်ရှိမှုရဲ့ ၂၀ ရာခိုင်နှုန်းဖြတ်သန်းတင်ပို့ရာ ဟော်မုဇ်ရေလက်ကြားကို အများအားဖြင့်ပိတ်ထားတာကြောင့် ရေနံတင်သင်္ဘောတွေ မဖြတ်သန်းနိုင်ဖြစ်နေရပြီး ရေနံဈေးနှုန်းတွေ မြင့်တက်ကာ ငွေကြေးဖောင်းပွမှုဖြစ်လာမှာကို ကမ္ဘာတစ်ဝန်းစိုးရိမ်နေကြပါတယ်။
Ref- CNN
