၁၇ .၃. ၂၀၂၆
Written by Thiri
ဉာဏ်ရည်တု နည်းပညာအသုံးပြုပြီး မေးခွန်းလွှာတွေ ဖြေဆိုတာကြောင့် စုံခုံဖွဲ့စစ်ဆေးနေတယ်ဆိုတဲ့ ကောလာဟလတစ်ခု ထွက်လာပြီးနောက်ပိုင်း မနေ့က မတ်လ ၁၆ ရက် တစ်ရက်တည်းမှာတင် ဘွဲ့လွန်၊ ဒီပလိုမာတန်းတွေမှာ Online class ခွင့်မပြုတော့ဘူးဆိုတဲ့ စာအမှတ် ၃၅၃၅ နဲ့ Online သင်တန်းတွေ ဆက်လက်ဖွင့်လှစ်ပေမယ့် Hybrid ပုံစံနဲ့ ဆောင်ရွက်မယ် ဆိုတဲ့ စာအမှတ် ၃၅၆၃ ကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာပါတယ်။

ပထမထုတ်တဲ့ ကြေညာချက် စာအမှတ် ၃၅၃၅ ပါ HRD Online သင်တန်းတွေ ဖွင့်လှစ်မှုအကြောင်းအရာမှာ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေမှာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ဖွင့်လှစ်လျက်ရှိတဲ့ Online သင်တန်းတွေ (မဟာဘွဲ့၊ ရိုးရိုးဘွဲ့၊ ဘွဲ့လွန်ဒီပလိုမာ၊ ဒီပလိုမာ) သင်တန်းတွေနဲ့ စပ်လျဉ်းပြီး ရည်ညွှန်းပါစာအရ နောင်တွင် သင်တန်းများ Online ဖြင့် ဖွင့်လှစ်ခွင့်မပြုကြောင်း အကြောင်းကြားကြောင်း ပါရှိပါတယ်။
အဲ့ဒီနောက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနက ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် ရက်စွဲနဲ့ပဲ စာအမှတ် ၃၅၆၃ ကို ထပ်မံ ထုတ်ပြန်ကြေညာရာမှာ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေမှာလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ဖွင့်လှစ်လျက်ရှိတဲ့ Online (မဟာဘွဲ့၊ ရိုးရိုးဘွဲ့၊ ဘွဲ့လွန်ဒီပလိုမာ၊ ဒီပလိုမာ) သင်တန်းများနှင့်စပ်လျဉ်းပြီး လက်ရှိဖွင့်လှစ်လျက်ရှိတဲ့ Online သင်တန်းတွေကို ဆက်လက်ဖွင့်လှစ်ပြီး Hybrid ပုံစံဖြင့် စီစဉ်ဆောင်ရွက်ရန်နဲ့ နောင်ဖွင့်လှစ်မယ့် သင်တန်းတွေအတွက် ဆက်လက်ညွှန်ကြားမည်ဖြစ်ပါကြောင်း အကြောင်းကြားကြောင်းစာ ထပ်ထွက်လာကာ ရည်ညွှန်းချက်ပါ အကြောင်းကြားစာ (စာအမှတ် ၃၅၃၄ )ကို ဤစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်းလည်း ပါရှိပါတယ်။
အဆိုပါ Online (မဟာဘွဲ့၊ ရိုးရိုးဘွဲ့၊ ဘွဲ့လွန်ဒီပလိုမာ၊ ဒီပလိုမာ) သင်တန်းများနှင့်စပ်လျဉ်းပြီး လက်ရှိဖွင့်လှစ်လျက်ရှိတဲ့ Online သင်တန်းတွေကို ကျောင်းကို စာမေးပွဲ လူကိုယ်တိုင်လာရောက်ဖြေဆိုရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးမှာ လသာမြို့နယ်ကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါက်တာသန်းဟိန်းစိုးက အခုလို သုံးသပ် မှတ်ချက် ပြုပါတယ်။
ဒေါက်တာသန်းဟိန်းစိုးက ” အွန်လိုင်းကတက်ပြီး ကျောင်းမှာလည်း လူကိုယ်တိုင် တက်ရောက်သင်ကြား ဖြေဆိုဖို့တွေ တွဲသွားမယ့် Hybrid ပုံစံကြပြန်တော့လည်း အနယ်နယ် အရပ်ရပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအတွက် မလွယ်ကူပြန်ဘူး။ အဲ့ဒါကြောင့် တစ်ခုခုတော့ နောက်ထပ် ထပ်ပြီးကြေညာချက်ထွက်ဦးမယ်လို့ ထင်ပါတယ်။ ပထမ စာအမှတ် ၃၅၃၅ ထွက်ပြီး ၃၅၆၃ ထပ်ထွက်လာတယ်။ အခြေအနေအရပ်ရပ် သုံးသပ်ပြီးရင် ခြွင်းချက်တွေ ထပ်လာမှာပါ ” လို့ ဆိုပါတယ်။
