သက်တံ့
၁၃. ၃. ၂၀၂၆
အသက် ၂၃ နှစ်အရွယ် အမျိုးသမီး တက်တူးဆရာမတစ်ဦးဟာ သူမရဲ့ တက်တူးဆိုင်အပြင်ဘက်မှာ ရုရှားခရီးသွားတစ်ဦးက ရင်သားကို အဓမ္မကိုင်တွယ်ခြင်း ခံခဲ့ရတာကြောင့် ပတ္တရားမြို့မရဲစခန်းမှာ တိုင်ချက်ဖွင့်လိုက်ပါတယ်။
အမည်ကို “ကူလ်စီရီဆန်ဂျာကွန်” လို့သာ ဖော်ပြထားတဲ့ အဆိုပါ အမျိုးသမီးက ထိုင်းရဲတပ်ဖွဲ့ကို ပြောပြရာမှာတော့ ဒီဖြစ်စဉ်ဟာ မတ်လ ၁၁ ရက်နေ့ ည ၉ နာရီခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့တာပါ။
အဲဒီအချိန်က သူမဟာ ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ အပန်းဖြေကမ်းခြေမြို့ ပတ္တရားရဲ့ ပတ္တရားဒုတိယလမ်း၊ လမ်းသွယ် ၅ (Soi 5) မှာရှိတဲ့ သူမရဲ့ တက်တူးဆိုင်ရှေ့မှာ ထိုင်နေတာ ဖြစ်ပါတယ်။ အဲဒီနေရာဟာ တက်တူးအကြောင်း လာရောက်မေးမြန်းတဲ့ ခရီးသွားတွေကို သူမ ပုံမှန် စကားပြောနေကြနေရာလည်း ဖြစ်ပါတယ်။
တက်တူးဆရာမရဲ့ ပြောပြချက်အရ ကြာသပတေးနေ့ညနေပိုင်းမှာ ရုရှားစကားပြောတဲ့ နိုင်ငံခြားသား အမျိုးသား ၃ ဦးဟာ သူမဆီကို လာရောက်ပြီး တက်တူးဈေးနှုန်းတွေကို မေးမြန်းခဲ့ကြပါတယ်။
စကားပြောနေတဲ့အချိန်မှာ အမျိုးသား ၂ ဦးက သူမရဲ့ လက်မောင်းကို မပြီး တက်တူးတွေကို ကြည့်ခဲ့ကြပါတယ်။ အစပိုင်းမှာတော့ ဒါဟာ သူမရဲ့လက်ရာကို စိတ်ဝင်စားလို့ ကြည့်တာလို့ပဲ သူမက ထင်ခဲ့တာပါ။ ဒါပေမဲ့ မကြာခင်မှာပဲ အင်္ကျီအဖြူဝတ်ထားတဲ့ အမျိုးသားတစ်ဦးက သူမရဲ့ ရင်သားကို လှမ်းပြီး ကိုင်တွယ်ခဲ့ပြီးနောက် အဲဒီအုပ်စုဟာ အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးသွားခဲ့ကြပါတယ်။
CCTV ထဲမှာလည်း သူမက သူမရဲ့ လက်နှစ်ဖက်ကို ကိုင်တွယ်ကြည့်ရှုနေသူအမျိုးသားနှစ်ဦးနဲ့ အပြန်အလှန်စကားပြောနေရင်း သူမရင်သားကို ကိုင်လိုက်ချိန်မှာ ထိုင်နေတဲ့ ထိုင်ခုံကနေဆင်းပြီး ရင်သားကိုင်သူအမျိုးသားကို ခြေနဲ့ ကန်ခဲ့သလို အဲဒီအမျိုးသားကလည်း သူမကို ပြန်ကန်ဖို့ လုပ်ပေမယ့် နောက်ဆုတ် ရှောင်တိမ်းနိုင်ခဲ့ပါတယ်။ အဲဒီနောက် သူမဟာ ဖြစ်စဉ်ဖြစ်ပြီးချင်းမှာပဲ ပတ္တရားမြို့မ ရဲစခန်းကို သွားရောက်ပြီး တိုင်ချက်ဖွင့်ခဲ့သလို သက်သေအဖြစ် CCTV မှတ်တမ်းတွေကိုလည်း ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေးမှူးတွေက တိုင်ချက်ကို လက်ခံထားပြီး CCTV မှတ်တမ်းတွေကိုတော့ စခန်းရဲ့ စုံစမ်းရေးဌာနကို ပေးပို့ထားပါတယ်။ အဲဒီဌာနကနေ ကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးပြီး တရားစွဲဆိုနိုင်ဖို့အတွက် အခုလောလောဆယ်မှာ ဆောင်ရွက်နေပါတယ်။
Ref : Bangkok Post
