



၁၃.၃.၂၀၂၆
Written by Linn Eain
ရန်ကုန်မြို့တွင် မိုးတိမ်တောင်များကြောင့် မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှု မတ် ၁၃ ရက်၊ နေ့လယ် ၁ နာရီခန့်က ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုနိုင်ရန် ထုတ်ပြန်ထားသည်။
ဆက်လက်၍ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် မတ် ၁၄ ရက် နံနက်အထိ ခန့်မှန်းချက်အရ နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(တောင်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။
