၁၃.၃.၂၀၂၆
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ်ရှိ ဒန်တုံမြို့မှ မြောက်ကိုရီးယားနိုင်ငံကို ပြေးဆွဲတဲ့ နယ်စပ်ဖြတ်ကျော်နိုင်ငံတကာ ခရီးသည်တင်ရထားတစ်စင်းဟာ ပြုံယမ်းမြို့လယ်ရှိ ရထားဘူတာရုံကို မတ်လ ၁၂ ရက်က စတင်ရောက်ရှိလာတာ တွေ့ခဲ့ကြပါတယ်။
တရုတ်နိုင်ငံပိုင် ရထားကုမ္ပဏီလီမိတက်က တရုတ်နဲ့ မြောက်ကိုရီးယားတို့ကို ဆက်သွယ်ပေးမယ့် နိုင်ငံတကာ ခရီးသည်တင်ရထားတွေဟာ ကြာသပတေးနေ့မှာ နှစ်နိုင်ငံစလုံးကနေ စတင်ပြေးဆွဲတော့မယ်လို့ မတ်လ ၁၀ ရက်က ကြေညာခဲ့ပါတယ်။
နှစ်နိုင်ငံကြား ရထားပြေးဆွဲမှုက တရုတ်နိုင်ငံဘက်က မြို့တော်ပေကျင်းနဲ့ အရှေ့မြောက်ပိုင်းနယ်စပ်မြို့ ဒန်တုံတို့မှ စတင်မှာဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဘက်က မြို့တော် ပြုံယမ်းမှ စတင်မှာဖြစ်ပြီး ရထားပြေးဆွဲမှုက နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုကို လွယ်ကူချောမွေ့စေကာ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှုဖလှယ်မှုများကို မြှင့်တင်ပေးရာမှာ အထောက်အကူဖြစ်မယ်လို့ တရုတ်ရထားကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
ပေကျင်းနဲ့ ပြုံယမ်းအကြား ရထားတွေကို တစ်ပတ်လျှင် လေးရက် ပြေးဆွဲမှာဖြစ်ပြီး တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနဲ့ စနေနေ့တွေမှာ နှစ်နိုင်ငံစလုံးက ရထားတွေ ထွက်ခွာ ပြေးဆွဲမှာပါ။ ဒန်တုံနဲ့ ပြုံယမ်း အကြားရထားပြေးဆွဲမှုကို နေ့စဉ် နှစ်ဖက်စလုံးမှ ပြေးဆွဲမယ်လို့လည်း သိရပါတယ်။
Ref- Xinhua
