MT News
၁၃. ၃. ၂၀၂၆
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ခုတင် (၃၀၀) ဆံ့ ရန်ကုန်မြို့၊ ကြည်မြင်တိုင်မြို့နယ်ရှိ အရိုးရောဂါအထူးကုဆေးရုံကြီး၏ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်တွင် ပြတ်တောက်ထိခိုက်သွားသည့် ဝဲလက်မကို ယာဘက်ခြေညှိုးဖြင့် အောင်မြင်စွာ အစားထိုး ခွဲစိတ်ကုသခြင်းကို ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံ ပါမောက္ခ ဒေါက်တာကျော်သူထွန်း (လက်ပိုင်းဆိုင်ရာခွဲစိတ်) ဦးဆောင်သော လက်ပိုင်းဆိုင်ရာ ခွဲစိတ်အဖွဲ့မှ ကျွမ်းကျင်ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ် မတ် ၄ ရက်က ဆောင်ရွက်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ကံကြီးရွာမှ ဦးသန့်ဇင်ဦး အသက် (၃၃) နှစ်သည် ရိတ်ခြွေစက်ပြင်နေစဉ် မူလီကြိုးဖြင့် ဝဲဘက်လက်မ ထိခိုက်မိသဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က မြန်အောင်ပြည်သူ့ဆေးရုံတွင် ကနဦးကုသမှုခံယူခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်သို့ လွှဲပြောင်းခဲ့ကာ အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူခဲ့သည်။
ထိုနောက် ပြတ်တောက်ထိခိုက်သွားသော ဝဲလက်မကို ယာဘက်ခြေညှိုးဖြင့် အစားထိုး ရွေ့ပြောင်းခွဲစိတ်ကုသခြင်းကို ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံ ပါမောက္ခ ဒေါက်တာကျော်သူထွန်း (လက်ပိုင်းဆိုင်ရာခွဲစိတ်) ဦးဆောင်သည့်အဖွဲ့က မတ် ၄ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ခွဲစိတ်ကုသဆောင်ရွက်ပေးနိုင်ခဲ့ရာ ခွဲစိတ်ကုသပြီး (၈) ရက်မြောက်နေ့ မတ် ၁၂ ရက်မှာပင် အစားထိုးလက်ချောင်းမှာ ကောင်းမွန်စွာ ရှင်သန်လှုပ်ရှားနိုင်သည့် အခြေအနေမှာရှိကြောင်း သိရသည်။
ပြတ်တောက်သွားသည့်လက်အား ခြေညှိုးဖြင့် အောင်မြင်စွာ အစားထိုး ခွဲစိတ်ကုသမှုကို ပထမအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး ယခုဒုတိယအကြိမ်အနေဖြင့် ၂၀၂၆ ခုနှစ် မတ် ၄ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
