၁၃.၃.၂၀၂၆
Written By Thandar
အလှမယ်လောကထဲကတစ်ဆင့် အနုပညာဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ အဆိုတော် ဝိုင်းလေးက “ရေတွေပက်” သင်္ကြန်ကိုယ်ပိုင်သံစဉ်တေးသီချင်းသစ်လေးကို ယနေ့ မတ်လ ၁၃ ရက်မှာ ပရိသတ်အတွက် လက်ဆောင်ပေးလိုက်တယ်လို့ ဆိုပါတယ်။
“ဝိုင်းလေးက သင်္ကြန်သီချင်းလေး မဖန်တီးဖြစ်တာလည်း ကြာပြီမို့ ကိုယ်တိုင်ရေးထားတဲ့ ရေတွေပက် သီချင်းလေးကို ပုံဖော်ဖြစ်တာပါ။ ဒီသီချင်းလေးကို မြန်မာ့လူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ရသလေးရအောင် ဝိုင်းလေးက မြန်မာမှု မြန်မာ့ဟန်ရယ် အနောက်တိုင်း တေးဂီတနဲ့ အရောလေးပုံဖော်ထားပါတယ်။ ရေတွေပက်ဆိုတာက သင်္ကြန်မှာရေကစားကြဖို့ ဖိတ်ခေါ်တဲ့ ရည်ရွယ်ချက်လေးနဲ့ပါ။ တချို့ရည်းစားမရှိတဲ့ သူတွေဆိုရင်လည်း ရေလာပက်လိုက်။ ရည်းစားရသွားမယ်။ စိတ်ညစ်မခံနဲ့ အကြောင်းအရာလေးတွေပါပါတယ်”လို့ အဆိုတော် ဝိုင်းလေးကပြောပါတယ်။
အဆိုပါ တေးသီချင်းကို ဝိုင်းလေးကိုယ်တိုင်ရေးသားထားပြီး ဒါရိုက်တာ Teddy Han က မြန်မာမှု မြန်မာ့ဟန်နဲ့ အနောက်တိုင်းတေးဂီတ အရောအနှောလေးတွေပါဝင်ပြီး သကြင်္န်အငွေ့အသက်ကို ခံစားစေမယ့် အဓိပ္ပာယ်ရှိတဲ့ သီချင်းလေးတစ်ပုဒ်အဖြစ် အသက်သွင်းထားတယ်လို့ သိရပါတယ်။ သူမကတော့ ၂၀၂၅ ခုနှစ်က မန္တလေးငလျင်ဒဏ်မှာ မိသားစုလိုက်ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
“ဝိုင်းလေးတို့ သင်္ကြန်သီချင်းလေးတွေ အသစ်လေးထွက်လာဖို့လည်း လိုအပ်လာပြီလေ။ နှစ်တိုင်း နှစ်တိုင်းမှာလည်း ကိုယ့်သီချင်းသစ်တွေအပြင် တချို့ သီချင်းတွေကို ပြန်လည်သီဆိုကြတာလည်း ရှိပါတယ်။ သင်္ကြန်နဲ့ ပတ်သက်ပြီး သီချင်းသစ်လေးတွေ ဖန်တီးတဲ့တာဝန်လေးယူရမယ်လို့လည်း ခံစားရတယ်။ အဲဒီအတွက် ဝိုင်းလေး ကိုယ့်တိုင်ကလည်း သင်္ကြန်သီချင်းအသစ်လေးလုပ်ချင်တယ်။ အားစိုက်ပြီးတော့ ဒီသင်္ကြန်သီချင်းလေး ဖန်တီးဖြစ်တာပါ။ ပရိသတ်ကြိုက်လား၊ မကြိုက်လားဆိုတာကတော့ အဆိုတော်တစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ်။ အချိန်အခါလေး ကိုက်ရင်တော့ ပရိသတ်တွေ သဘောကျမယ်ဆိုရင် ပီတိဖြစ်ရပါတယ်”လို့ သူမက ဆက်ပြောပါတယ်။
