သက်တံ့
၁၃. ၃. ၂၀၂၆
ရုရှားနိုင်ငံ မြောက်ပိုင်းရေတပ်စု (Northern Fleet) ၏ အဆင့်မြင့်ဆုံး စတုတ္ထမျိုးဆက်သစ် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော “ကာဇန်” (Kazan) သည် စီစဉ်ထားသည့် တိုက်ပွဲဝင်လေ့ကျင့်မှုအတွင်း ကီလိုမီတာ ၃၀၀ (၁၈၆ မိုင်ခန့်) အကွာရှိ ရေပြင်ပစ်မှတ်ကို အိုနစ် (Oniks) ခရုစ်ဒုံးကျည်ဖြင့် အောင်မြင်စွာ ပစ်ခတ်ခြေမှုန်းနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ လေ့ကျင့်မှုကို ဘာရန်ပင်လယ် (Barents Sea) အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး “ကာဇန်” ရေငုပ်သင်္ဘောသည် ရေအောက်ရောက်ရှိနေသည့် အနေအထားမှနေ၍ ရန်သူ့စစ်သင်္ဘောအဖြစ် အသွင်တူဖန်တီးထားသည့် ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဒုံးကျည်၏ ထိပ်ဖူးသည် ပစ်မှတ်ကို တိုက်ရိုက်ထိမှန်ခဲ့ကြောင်းကိုလည်း ဒရုန်းများ၊ ရေပြင်သင်္ဘောများနှင့် လေကြောင်းကင်းထောက်မှုများမှတစ်ဆင့် အတည်ပြုနိုင်ခဲ့သည်။
အထူးခြားဆုံးအချက်မှာ ယခုပစ်ခတ်ပြခဲ့သည့် “ကာဇန်” (Yasen-M class) ရေငုပ်သင်္ဘောသည် ပုံမှန်ပေါက်ကွဲအားရှိသည့် ထိပ်ဖူးများသာမက နျူကလီးယားထိပ်ဖူးများပါ တပ်ဆင်ပစ်ခတ်နိုင်စွမ်းရှိခြင်း ဖြစ်သည်။ ၎င်းတွင် တပ်ဆင်ထားသည့် အိုနစ် (Oniks) နှင့် ကာလီဘာ (Kalibr) ခရုစ်ဒုံးကျည်များသည် နျူကလီးယားလက်နက် သယ်ဆောင်နိုင်စွမ်းရှိသဖြင့် မဟာဗျူဟာမြောက် အရေးပါသည့် လက်နက်ဆန်းတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။
ထို့ပြင် “ကာဇန်” သည် ယခင်မျိုးဆက်ဟောင်းများနှင့်မတူဘဲ အသံထွက်ပေါ်မှုကို အသိသာဆုံး လျှော့ချထားသည့် (Reduced Acoustic Signature) နည်းပညာကို အသုံးပြုထားသဖြင့် ရန်သူ့ရေဒါများက ခြေရာခံရန် အလွန်ခက်ခဲသည်။ ၎င်းသည် ကုန်းပြင်၊ ပင်လယ်ပြင်နှင့် ရေအောက်ပစ်မှတ်များကို အဝေးမှနေ၍ တိကျစွာ ပစ်ခတ်နိုင်သည့် ခရုစ်ဒုံးကျည် အမျိုးအစားပေါင်းစုံကို တပ်ဆင်ထားနိုင်သည်။
“ကာဇန်” ရေငုပ်သင်္ဘောကို ၂၀၀၉ ခုနှစ်တွင် ဆီဗာရိုဒေါ့ဗင့်စ်မြို့၌ စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ရုရှားရေတပ်သို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ နျူကလီးယားသယ်ဆောင်နိုင်သည့် ဒုံးကျည်များကို အဝေးမှ တိကျစွာ ပစ်ခတ်ပြနိုင်ခြင်းသည် ရုရှားရေတပ်၏ ပင်လယ်ပြင်စိုးမိုးမှုနှင့် နည်းပညာတိုးတက်မှုကို ကမ္ဘာအား ပြသလိုက်ခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
Ref: Xinhua
