၁၃.၃.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားအတွက် ရန်ပုံငွေရှာဖွေဖို့ ပြည်ပနိုင်ငံတွေရှိ သတင်းအချက်အလက်နည်းပညာလုပ်သားတွေကို အသုံးပြုတဲ့လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့အတွက် ကုမ္ပဏီနှစ်ခုနဲ့ လူပုဂ္ဂိုလ်ခြောက်ဦးကို မတ်လ ၁၂ ရက်က ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။
မြောက်ကိုရီးယားအစိုးရမှ စီစဉ်ညွှန်ကြားတဲ့ အစီအစဉ်တွေက အမေရိကန်စီးပွားရေးလုပ်ငန်းတွေကို စနစ်တကျလိမ်လည်လှည့်ဖြားခဲ့ပြီး ၂၀၂၄ ခုနှစ်မှာဆိုရင် ဒေါ်လာသန်း ၈၀၀ နီးပါးအပါအဝင် မြောက်ကိုရီးယားရဲ့ လက်နက်အစီအစဉ်တွေကို ရန်ပုံငွေထောက်ပံ့ဖို့ ဝင်ငွေရှာဖွေပေးခဲ့တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားနဲ့ ဆက်စပ်နေတဲ့ အလုပ်သမားတွေဟာ အဖွဲ့အစည်းရဲ့ လျှို့ဝှက်ချက်တွေကို ခိုးယူဖို့ ကုမ္ပဏီကွန်ရက်တွေမှာ Malware အစီအစဉ်တွေ ထည့်သွင်းခဲ့တယ်လို့လည်း ဝန်ကြီးဌာနက စွပ်စွဲခဲ့ပါ တယ်။
“မြောက်ကိုရီးယားအစိုးရဟာ သူ့ရဲ့ ပြည်ပ IT လှုပ်ရှားသူတွေ လုပ်ဆောင်တဲ့ လှည့်စားတဲ့ အစီအစဉ်တွေနဲ့ အမေရိကန်ကုမ္ပဏီတွေကို ပစ်မှတ်ထားခဲ့ကြရာမှာ သူတို့က အရေးကြီးတဲ့ဒေတာတွေကို လက်နက်အဖြစ်ပြောင်းလဲအသုံးချပြီး စီးပွားရေးလုပ်ငန်းတွေကို များပြားတဲ့ ငွေပေးချေမှုတွေပြုဖို့ ခြိမ်းခြောက်ငွေညှစ်ခဲ့ကြတယ်”လို့ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘန်ဆင့်က ကြေညာချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။
ဘန်ဆင့်က အမေရိကန်အစိုးရအနေနဲ့ ဒီလို မြောက်ကိုရီးယားရဲ့လုပ်ဆောင်ချက်တွေကို ဆက်လက်နှိမ်နင်းသွားမယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။
ပိတ်ဆို့ခံရတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ လာအိုနဲ့ စပိန်နိုင်ငံတို့မှာ အခြေစိုက်တဲ့ လုပ်ငန်းတွေကို အထောက်အကူပြုသူတွေ ဖြစ်ပါတယ်။
ကုမ္ပဏီနှစ်ခုမှာ မြောက်ကိုရီးယား IT ကုမ္ပဏီတစ်ခုဖြစ်တဲ့ Amnokgang Technology Development Company နဲ့ ဗီယက်နမ်နိုင်ငံအခြေစိုက် Quangvietdnbg International Services Company တို့ဖြစ်ပါတယ်။
ဗီယက်နမ်ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ငုရင် ကွမ်ဗီယက်ဟာ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မြောက်ကိုရီးယားအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းခန့်ကို ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် ပြောင်းလဲပေးခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အခု ချမှတ်လိုက်တဲ့ ပိတ်ဆို့မှုအသစ်တွေအရ ဒီကုမ္ပဏီနှစ်ခုနဲ့ လူပုဂ္ဂိုလ်ခြောက်ဦးတို့နဲ့ ဆက်စပ်နေတဲ့ အမေရိကန်ပြည်ထောင်စုရှိ ပိုင်ဆိုင်မှု သို့မဟုတ် အကျိုးစီးပွားအားလုံးကို ဆိုင်းငံ့ထားပြီး သူတို့နဲ့ပတ်သက်တဲ့ ဘယ်လိုငွေပေးငွေယူကိုမဆို တားမြစ်ထားပါတယ်။
Ref-Kyodo News
