၁၃.၃.၂၀၂၆
Written by Thiri
ဘေးတွဲဆိုင်ကယ်ကို ယာဉ်တစ်စီးက တိုက်ပြေးတာကြောင့် ဆိုင်ကယ်မောင်းနှင်သူ သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က မတ်လ ၁၂ ရက်နေ့ ည ၈ နာရီဝန်းကျင်က ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ပင်လုံမီးပွိုင့်အနီး ၂၆ ရပ်ကွက်မှာ ဖြစ်ပွားခဲ့တယ်လို့ မြို့ဦးလုလင် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
သေဆုံးသူက အသက် ၃၁ နှစ်အရွယ်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အင်းဝအိမ်ရာမှာနေထိုင်တဲ့ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူလို့ သိရပါတယ်။ ဆိုင်ကယ်ပေါ်မှာ ခရီးသည်လည်းပါပေမယ့် ထိခိုက်ဒဏ်ရာကြီးကြီးမားမားတော့ မရရှိခဲ့ဘူးလို့ ဆိုပါတယ်။


မြို့ဦးလုလင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ဒီရက်ပိုင်း Accident တွေက ဆက်တိုက်ပဲ။ စိတ်မကောင်းစရာတွေနဲ့ တိုက်သွားတာလည်းမသိရဘူး။ စီးလာတဲ့ခရီးသည်ကလည်း အောင်ရေကောင်းနေလို့ ဘာဖြစ်မှန်းမသိမေးမရဘူး။ ကျွန်တော်တို့ရောက်တော့ သူ့ဆိုက်တွဲက သူ့ပြန်ပိနေပြီး ဆုံးနေပြီ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါသေဆုံးသူရဲ့ ရုပ်အလောင်းကို မြို့ဦးလုလင်နာရေးကူညီမှုအသင်းမှ ယာဥ်နဲ့ မြောက်ဥက္ကလာမေဓာဝီဆေးရုံဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
