၁၃.၃.၂၀၂၆
Written by Linn Eain
ပွဲကြည်စင်ပေါ်တွင် အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက်တွန်းထိုးခဲ့သည့် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းမှ မြန်မာ့လက်ရွေးစင် ဘောလုံးအားကစားသမား မောင်မောင်လွင်ကို ၆ လပွဲပယ်နှင့် သိန်း ၃၀ ဒဏ်ကြေးပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီက မတ် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပွဲကြည်စင်ပေါ်ဖြစ်ရပ်သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပလျက်ရှိသည့် ၂၀၂၅-၂၆ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များအနက် မတ်လ ၁၀ ရက်က သန်လျင်သီဟဒီပကွင်း၌ ကျင်းပခဲ့သည့် ပွဲစဉ်အမှတ် (၁၂၂)၊ ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ပွဲစဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါပြိုင်ပွဲသို့ ပွဲကြည့်စင်ပေါ်မှ လာရောက်ကြည့်ရှုအားပေးသည့် အမျိုးသမီးပရိသတ်တစ်ဦးသည် ပြိုင်ပွဲကြည့်ရှုနေစဉ် ရန်ကုန်ယူနိုက်တက်အသင်းမှ ကစားသမားများကိုနာမည်တပ်၍ ဝေဖန်ပုပ်ခတ်အော်ဟစ်ဆဲဆိုနေခဲ့သဖြင့် ပထမပိုင်းပြိုင်ပွဲအပြီး ပွဲရပ်နားနေစဉ်အတွင်း ရန်ကုန်ယူနိုက်တက်အသင်းမှ ကျောနံပါတ် (၇၇) မောင်မောင်လွင်သည် ပွဲကြည့်စင်ပေါ်ပြေးတက်၍ အဆိုပါအမျိုးသမီးအား ကိုယ်ထိလက်ရောက် တွန်းထိုးခဲ့သည့်ဖြစ်စဉ် ဖြစ်ပေါ်ပေါက်ခဲ့ကြောင်း တွေ့ရှိရသည်ဟု MFF စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီက ထုတ်ပြန်ခဲ့သည်။
ယင်းအမျိုးသမီးသည် ယခင်က ဘောလုံးပြိုင်ပွဲများ လာရောက်ကြည့်ရှုအားပေးရာတွင် ပြိုင်ပွဲကြည့်ရှုနေစဉ်တစ်လျောက် အသင်းများမှ နည်းပြ/ ကစားသမားအပါအဝင် ပရိသတ်၊ ပြိုင်ပွဲတာဝန်ကျဝန်ထမ်းများအား ကြမ်းတမ်းစွာ အော်ဟစ်ပြောဆိုခဲ့သည့်အတွက် နိုင်ငံတကာဘောလုံးပြိုင်ပွဲများနှင့် ဖူဆယ်ပြိုင်ပွဲများတွင် ပွဲကြည့်ခွင့်ပိတ်ပင်ခြင်းခံခဲ့ရဖူးသူဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ MFF စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီသည် အထက်ပါဖြစ်ရပ်များအတွက် မတ်လ ၁၂ ရက် နေ့လယ်ပိုင်းတွင် အစည်းအဝေးပြုလုပ်၍ ရတနာပုံ-ရန်ကုန်ယူနိုက်တက်ပွဲစဉ် ရုပ်သံမှတ်တမ်းများအား ပြန်လည်ကြည့်ရှုခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် မှတ်တမ်းပုံများအား ပြန်လည်လေ့လာသုံးသပ်ခြင်းများ ပြုလုပ်ပြီးနောက် ဘောလုံးအားကစားသမား မောင်မောင်လွင်ကို မည်သို့ပင်ဖြစ်စေ ကစားသမားတစ်ဦးအနေဖြင့် စောင့်ထိန်းလိုက်နာရမည့် စည်းကမ်းကျင့်ဝတ်များကို ကျော်လွန်၍ ယခုကဲ့သို့ ပြုမူလုပ်ဆောင်ခဲ့ခြင်းအတွက် MNL I & II League 2025-26 Regulations စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၁၄) နှင့် (၁၈)တို့အရ မတ် ၁၁ ရက်က စတင်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးမှ ကြီးမှူးကျင်းပသောပြိုင်ပွဲများ၊ ဘောလုံးနှင့်ပတ်သက်သော လှုပ်ရှားမှုများတွင် (၆)လအထိ ကစားခွင့်/ပါဝင်လုပ်ဆောင်ခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ်သိန်း(၃၀) ပေးဆောင်ရန် ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် တာဝန်ကျဒိုင်လူကြီး ဦးကျော်ဇေယျာအောင်သည် ပထမပိုင်းအပြီး ရန်ကုန်ယူနိုက်တက်အသင်းမှ မောင်မောင်လွင် ကျောနံပါတ် (၇၇) ၏ ဖြစ်ရပ်အတွက် ဥပဒေအရ အနီကတ်ပြသခြင်းမရှိဘဲ ဘောလုံးဥပဒေစည်းမျဉ်းကို မျက်ကွယ်ပြုဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၅-၂၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများတွင် အနီးစပ်ဆုံး (၃) ပွဲ ပါဝင်ကိုင်တွယ်ခြင်းမပြုရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
အလားတူ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်ကြီးကြပ်တို့အနေဖြင့် ဒုတိယပိုင်းပြန်လည်မစတင်မီ ဥပဒေနှင့်အညီ ကွင်းလယ်ဒိုင်လူကြီးကို ဆောင်ရွက်ရန် သတိပေးခြင်းမရှိသဖြင့် ၂၀၂၅-၂၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများတွင် အနီးစပ်ဆုံး (၃) ပွဲ တာဝန်ချထားခြင်းမပြုရန် MFF စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီက ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကစားသမားနာမည်တပ်၍ ဝေဖန်ပုတ်ခတ်အော်ဟစ်ဆဲဆိုနေခဲ့သည့် ယင်းအမျိုးသမီးကိုလည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီက ဆက်လက်အရေးယူရန်ရှိကြောင်း ထုတ်ပြန်ထားသည်။
