သက်တံ့
၁၃. ၃. ၂၀၂၆
ပြီးခဲ့သည့် မတ်လ ၁၁ ရက် (ဗုဒ္ဓဟူးနေ့) က ရတ်ချဘူရိပြည်နယ်ရှိ ငှားရမ်းထားသော နေအိမ်တစ်ခုတွင် မူးယစ်ဆေး အလွန်အကျွံသုံးစွဲထားသည်ဟု ဆိုသော ထိုင်းအမျိုးသားတစ်ဦးသည် စကားများရန်ဖြစ်ပြီးနောက် ၎င်း၏အတူနေချစ်သူအမျိုးသားကို ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါအခန်းတွင် နေထိုင်သော အသက် ၂၄ နှစ်အရွယ်ရှိ ဆူရာဆက် ပေါင်ဆပ်အမည်ရှိ အမျိုးသားတစ်ဦးသည် သွေးများပေကျံနေသော ဓားတစ်ချောင်းကို ကိုင်ဆောင်ကာ အခန်းထဲမှ ပြေးထွက်လာသည်ကို အိမ်နီးချင်းများက မြင်တွေ့ခဲ့ရသဖြင့် ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ ထို့ကြောင့် ရတ်ချဘူရိပြည်နယ်၊ ဘန်ပေါင်ရဲစခန်းမှ ရဲအရာရှိများသည် ထိုနေ့ ညနေ ၅ နာရီခွဲခန့်တွင် အခင်းဖြစ်ပွားရာ အခန်းသို့ စုံစမ်းစစ်ဆေးရန် ရောက်ရှိလာခဲ့ကြသည်။
အခင်းဖြစ်နေရာတွင် အသက် ၄၃ နှစ်အရွယ်ရှိ ဆူရာဆက်၏ချစ်သူ နီကွန် ဆေဟန်သည် ကျောပြင်တွင် အနည်းဆုံး ဓားဒဏ်ရာ ၆ ချက်ဖြင့် ရေချိုးခန်းအပြင်ဘက်၌ လဲကျသေဆုံးနေသည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ရသည်။
ရဲတပ်ဖွဲ့သည် ဆူရာဆက်ကို အဆိုပါအငှားခန်းနှင့် ၂ ကီလိုမီတာခန့်အကွာတွင် ဖမ်းဆီးရမိခဲ့သည်။ ၎င်းကို စစ်ဆေးမေးမြန်းရန် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သော်လည်း ထိုအချိန်တွင် မူးယစ်ဆေးရှိန်ကြောင့် ကောင်းမွန်စွာ ပြန်လည်ဖြေကြားနိုင်ခြင်း မရှိသေးပေ။
ဆေးရှိန်ပြယ်ပြီး နောက်ပိုင်းအချိန် ပြန်လည်စစ်ဆေးရာတွင်မူ ဆူရာဆက်က ၎င်းနှင့် နီကွန်တို့သည် ခဏခဏ စကားများရန်ဖြစ်လေ့ရှိကြောင်း ထွက်ဆိုခဲ့သည်။ အခင်းဖြစ်ပွားသည့်နေ့တွင် ၎င်းသည် အလွန်အမင်း ဒေါသထွက်ကာ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ ချစ်သူကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ထို့အပြင် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားကို နေအိမ်အနီးရှိ မြစ်ထဲသို့ လွှင့်ပစ်ခဲ့သည်ဟု ထွက်ဆိုသည်။
နီကွန်၏ ဆွေမျိုးများက ရဲတပ်ဖွဲ့ကို သက်သေခံရာတွင် ၎င်းတို့စုံတွဲသည် အဆိုပါအခန်းအတွင်း အတူနေထိုင်သည်မှာ ၈ လခန့် ရှိပြီဖြစ်သည်။ နီကွန်မှာ အလုပ်လုပ်ကိုင်ပြီး အိမ်စရိတ်များကို ကျခံသူဖြစ်သော်လည်း ဆူရာဆက်မှာ အလုပ်မရှိဘဲ မူးယစ်ဆေး စွဲလန်းနေသူဖြစ်သည်။ နီကွန်က ဆူရာဆက် တောင်းသောငွေကို မပေးသဖြင့် ယခုကဲ့သို့ လူသတ်မှု ဖြစ်ပွားရခြင်းဖြစ်နိုင်ကြောင်း ဆွေမျိုးများက ယူဆကြသည်။ ထို့အပြင် နီကွန်၏ အစ်မဖြစ်သူက ဆူရာဆက်သည် အလွန်သဝန်တိုတတ်သူဖြစ်ကြောင်း၊ နီကွန်သည် ၎င်းကိုထားခဲ့ပြီး အခြားအမျိုးသားတစ်ဦးနှင့် တွဲလိမ့်မည်ဟု ဆူရာဆက်က ထင်မြင်ယူဆနေကြောင်းနှင့် ထို့ကြောင့် နီကွန်က ဆူရာဆက်ကို ငွေမပေးတော့ခြင်းဖြစ်ကြောင်း သူမ၏ မောင်ဖြစ်သူထံမှ သိရှိခဲ့ရသည်ဟု ဆိုသည်။
သဝန်တိုမှုနှင့် ဆက်နွှယ်သည့် အခြားသော အမျိုးသားချင်းချစ်ကြိုက်သည့်အမှုတစ်ခုတွင်လည်း ဥဘုန်ရတ်ချဌာနီပြည်နယ်ရှိ ထိုင်းအမျိုးသားတစ်ဦးသည် ၎င်း၏ချစ်သူအမျိုးသားကို ကားမောင်းထွက်ရန် လှည့်ဖျားခေါ်ဆောင်သွားပြီးနောက် ကားအတွင်း၌ပင် သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ယခုရက်ပိုင်းအတွင်းပင် ဖြစ်ပွားခဲ့သည်။
ရဲတပ်ဖွဲ့၏ အဆိုအရ သံသယရှိသူသည် ဒဏ်ရာပြင်းထန်စွာ ရရှိနေသော ၎င်း၏ချစ်သူအမျိုးသားကို ယင်း၏ မိသားစုနေအိမ်သို့ အဦးဆုံး မောင်းနှင်ခေါ်ဆောင်သွားခဲ့ပြီးနောက်မှ ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဆရာဝန်များမှာ ထိုအမျိုးသား၏ အသက်ကို ကယ်တင်နိုင်ခြင်း မရှိခဲ့ပေ။
Ref : The Thaiger
