၁၃. ၃. ၂၀၂၆
Translated by Thettant
အစ္စရေး-အီရန် စစ်ပွဲစတင်ပြီး ပထမဆုံးမိန့်ခွန်းတွင် အစ္စရေးနိုင်ငံသည် “ယခင်ကထက် ပိုမိုအင်အားတောင့်တင်းလာနေသည်” ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟုက အခိုင်အမာပြောဆိုလိုက်ပြီး နှစ်ပတ်နီးပါးကြာ တိုက်ခိုက်မှုများအတွင်း အီရန်နိုင်ငံသည် ပြင်းထန်သော ထိုးနှက်ချက်များကို ခံစားခဲ့ရကြောင်း ပြောကြားခဲ့သည်။
မနေ့က မတ်လ ၁၂ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ နေတန်ရာဟုက အစ္စရေး၏ တိုက်ခိုက်မှုများသည် အီရန်၏ ထိပ်တန်းနျူကလီးယားသိပ္ပံပညာရှင်များကို သတ်ဖြတ်နိုင်ခဲ့ပြီး အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နှင့် ဘာဆစ်ဂျ် (Basij) တပ်ဖွဲ့များကို ပြင်းထန်စွာ ထိခိုက်ပျက်စီးစေခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
”အီရန်ဟာ အရင်က အီရန် မဟုတ်တော့ဘူး” ဟု နေတန်ရာဟုက ဆိုကာ ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့သော တိုက်ခိုက်မှုများသည် အီရန်၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်စီမံကိန်းများကို မြေအောက်သို့ ရွှေ့ပြောင်းနိုင်ခြင်းမရှိအောင် တားဆီးနိုင်ခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
အီရန်၏ အသစ်ရွေးကောက်ခံ အဓိပတိ အယာတိုလာ မိုဂျ်တာဘာ ခါမေနီ (Ayatollah Mojtaba Khamenei) နှင့် ဟစ်ဇ်ဘိုလာခေါင်းဆောင် နာအင်မ် ကာဆမ် (Naim Qassem) တို့နှင့် ပတ်သက်၍ မေးမြန်းရာတွင် နေတန်ရာဟုက ၎င်းတို့နှစ်ဦးစလုံးအတွက် “အသက်အာမခံ” ထားပေးမည်မဟုတ်ကြောင်း (၎င်းတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက် သတိပေးသည့်သဘောဖြင့်) တုံ့ပြန်ခဲ့သည်။
ခါမေနီသည် “တော်လှန်ရေးအစောင့်တပ်၏ ရုပ်သေးရုပ်” သာဖြစ်ပြီး နိုင်ငံပိုင်ရုပ်သံမှ သတင်းကြေညာသူတစ်ဦးက ၎င်း၏ထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့ရခြင်းမှာ ခါမေနီအနေဖြင့် လူမြင်ကွင်းသို့ ထွက်မလာနိုင်တော့ခြင်းကို ပြသနေသည်ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလက အစိုးရကို ဆန့်ကျင်ကန့်ကွက်ရန် လမ်းပေါ်ထွက်ခဲ့ကြသည့် အီရန်ပြည်သူများကို ရည်ညွှန်း၍ နေတန်ရာဟုက “ကျွန်တော်တို့ဟာ ခင်ဗျားတို့ဘက်က ရပ်တည်နေပါတယ်” ဟု ပြောကြားခဲ့သလို ”ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒါဟာ ခင်ဗျားတို့အပေါ်မှာပဲ မူတည်ပါတယ်၊ ခင်ဗျားတို့ လက်ထဲမှာပဲ ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
နေတန်ရာဟု၏ ပြောကြားချက်သည် အီရန်ပြည်သူများအနေဖြင့် ထကြွပြီး အစိုးရကို ဖြုတ်ချရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်၏ ပြောကြားချက်များနှင့် ထပ်တူကျနေသလို “ခင်ဗျားတို့ လွတ်မြောက်မယ့်အချိန်ဟာ လက်တစ်ကမ်းမှာပဲ ရှိနေပြီ” ဟု ယင်းက ဆိုသည်။
ထို့အပြင် အစ္စရေးဝန်ကြီးချုပ်က အီရန်နှင့်ဖြစ်ပွားသည့် စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအနေဖြင့် ဒေသတွင်း မဟာမိတ်များ ဖွဲ့စည်းနိုင်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
”ဒါဟာ အရင်တုန်းက မဖြစ်နိုင်ခဲ့ပေမယ့် အခုတော့ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆိုသည်။
အီရန်သည် ပင်လယ်ကွေ့နိုင်ငံများအပေါ် ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သဖြင့် ရေနံဂိတ်အချို့ လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရပြီး လုံခြုံရေးအခြေအနေကို ပျက်ပြားစေခဲ့သည်။
အီရန်ကမူ ဒေသတွင်း တိုက်ခိုက်မှုများသည် ထိုနေရာရှိ အမေရိကန်၏ ပိုင်ဆိုင်မှုများကိုသာ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ခုခံပြောဆိုသော်လည်း အိမ်နီးချင်းနိုင်ငံများကမူ ထိုတိုက်ခိုက်မှုများသည် အနာဂတ်အတွက် ယုံကြည်မှုကို ပျက်ပြားစေသည်ဟု ဆိုကြသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဗုဒ္ဓဟူးနေ့တွင် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) က တင်သွင်းသော အီရန်၏ ပင်လယ်ကွေ့နိုင်ငံများနှင့် ဂျော်ဒန်အပေါ် တိုက်ခိုက်မှုများကို ရှုတ်ချသည့် ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုခဲ့ပြီး တီဟီရန်အနေဖြင့် ရန်လိုမှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့သည်။
အစ္စရေးသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ‘အေဘရာဟမ် သဘောတူညီချက်’ (Abraham Accords) မှတစ်ဆင့် ပင်လယ်ကွေ့နိုင်ငံများနှင့် ဆက်ဆံရေး ပုံမှန်ဖြစ်ရန် ကြိုးပမ်းခဲ့သော်လည်း ဂါဇာတွင် ဖြစ်ပွားနေသော စစ်ပွဲများကြောင့် သံတမန်ရေးအရ ဆက်ဆံရေးများ ဆိုးရွားသွားခဲ့သည်။
ပါလက်စတိုင်းပိုင်နက် ရာမလာမြို့မှ သတင်းပေးပို့သော Al Jazeera သတင်းထောက် နောအိုဒဲ (Nour Odeh) က နေတန်ရာဟု၏ သတင်းစာရှင်းလင်းပွဲသည် ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့် ပါလီမန်ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် အစ္စရေးကို အောင်နိုင်သူအဖြစ် ပုံဖော်ရန် “စစ်ပွဲဇာတ်ကြောင်းကို ပြန်လည်ပြင်ဆင်ခြင်း” သာ ဖြစ်သည်ဟု ဆိုသည်။
”နေတန်ရာဟုဟာ သူ လူကြိုက်များလာပြီး နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ နောက်ထပ် အောင်ပွဲတစ်ခုအတွက် ပြင်ဆင်နိုင်မယ်လို့ ထင်ထားပုံရပေမယ့် တကယ်တမ်းမှာတော့ အဲ့ဒီလို ဖြစ်မလာပါဘူး” ဟု အိုဒဲက သုံးသပ်သလို ”သူ စကားပြောနေတဲ့အချိန်မှာပဲ ထွက်လာတဲ့ နောက်ဆုံး လူထုသဘောထား စစ်တမ်းတွေအရ သူဟာ အမတ်နေရာတစ်ခု ထပ်မံဆုံးရှုံးနေတာကို တွေ့ရပါတယ်” ဟု ၎င်းက ဆိုသည်။
အစ္စရေး၏ စစ်ဘက်ဆိုင်ရာ ဆင်ဆာအဖွဲ့က အစ္စရေးသို့ ကျရောက်လာသော ဒုံးကျည် သို့မဟုတ် ဒရုန်းတိုက်ခိုက်မှု သတင်းများကို ထုတ်လွှင့်ခွင့် ပိတ်ပင်ထားသော်လည်း ပျက်စီးဆုံးရှုံးမှုများကို ကိုယ်တိုင်မြင်တွေ့နေရသူများမှာ မီဒီယာများက သတင်းဖော်ပြမှု အားနည်းသည့်အပေါ် စိတ်ပျက်နေကြသည်ဟု အိုဒဲက ဆက်လက်ပြောကြားခဲ့သည်။
Ref : Al Jazeera
