၁၁. ၃. ၂၀၂၆
Translated by Thettant
ကမ္ဘာလုံးဆိုင်ရာ တယ်လီကွန်းဝန်ဆောင်မှုပေးသည့် Globe Teleservices Pte. Ltd. (GTS) သည် မြန်မာနိုင်ငံ၏ နိုင်ငံပိုင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ပူးပေါင်းလိုက်ကြောင်း ယနေ့ ကြေညာခဲ့သည်။
ဤပူးပေါင်းမှုသည် ပြည်တွင်းပြည်ပရှိ သုံးစွဲသူများအတွက် လုံခြုံစိတ်ချရသော မက်ဆေ့ချ်ပေးပို့မှု ဝန်ဆောင်မှုများကို အားကောင်းလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
ယခုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် MPT သည် ၎င်း၏ A2P (Application-to-Person) မက်ဆေ့ချ်စနစ်ကို မြှင့်တင်သွားမည်ဖြစ်ပြီး ပေးပို့သော ဆက်သွယ်ပြောဆိုမှုများအပေါ် ပိုမိုယုံကြည်စိတ်ချရမှု၊ ပွင့်လင်းမြင်သာမှုနှင့် ခိုင်မာမှုရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကိုက်ညီစေရန်လည်း လုပ်ဆောင်သွားမည်ဖြစ်သည်။
ဤပူးပေါင်းဆောင်ရွက်မှုသည် မက်ဆေ့ချ်ပေးပို့မှုများအပေါ် ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုနှင့် မြင်သာမှုကို အထောက် အကူပြုမည်ဖြစ်ပြီး မလိုလားအပ်သော ဆက်သွယ်ပြောဆိုမှုများကို လျှော့ချရန်နှင့် သုံးစွဲသူများ၏ အပြန်အလှန်ဆက်သွယ်မှုများကို ကာကွယ်ရန် MPT ကို ကူညီပေးမည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် အရေးကြီးသော အကြောင်းကြားစာများကို ပိုမိုကောင်းမွန်စွာ လက်ခံရရှိနိုင်မည်ဖြစ်ပြီး လုံခြုံသော မက်ဆေ့ချ်စနစ်ကို အသုံးပြုနေသည့် စီးပွားရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုများကို ပိုမိုချောမွေ့စွာ အသုံးပြုနိုင်မည်ဖြစ်သည်။
“Globe Teleservices အနေနဲ့ လုပ်ငန်းသုံး မက်ဆေ့ချ်စနစ်ဟာ ယုံကြည်မှုအပေါ်မှာ အခြေခံရမယ်လို့ ယုံကြည်ပါတယ်။ အထူးသဖြင့် အရေးကြီးပြီး အချိန်နဲ့တစ်ပြေးညီ ပေးပို့ရတဲ့ ဆက်သွယ်မှုတွေမှာ ပိုအရေးကြီးပါတယ်” ဟု Globe Teleservices ၏ Group CEO ဖြစ်သူ Ashutosh Agrawal က ပြောကြားခဲ့သလို “MPT မြန်မာနဲ့ ပူးပေါင်းခြင်းအားဖြင့် လုံခြုံပြီး စည်းမျဉ်းနဲ့ညီညွတ်တဲ့ A2P မက်ဆေ့ချ်စနစ်ကို အားကောင်းအောင် လုပ်ဆောင်သွားမှာဖြစ်သလို ရေရှည်တိုးတက်မှုကိုလည်း ဖော်ဆောင်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
MPT ၏ ခိုင်မာသော နိုင်ငံအနှံ့ ကွန်ရက်ဖြန့်ကြက်မှုနှင့် Globe Teleservices ၏ A2P monetization နှင့် Firewall (လုံခြုံရေးတံတိုင်း) ဆိုင်ရာ ကျွမ်းကျင်မှုများကို ပေါင်းစပ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းမှု မြန်ဆန်လာသည်နှင့်အမျှ သုံးစွဲသူများအတွက် အဆင်ပြေစေမည့် မက်ဆေ့ချ်ပေးပို့မှု ဝန်းကျင်တစ်ခု ဖန်တီးပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။
Globe Teleservices Pte. Ltd. သည် စင်ကာပူအခြေစိုက် တယ်လီကွန်းလုပ်ငန်းစုကြီးဖြစ်ပြီး အမေရိကန်၊ ဒူဘိုင်း၊ မလေးရှား၊ တန်ဇန်းနီးယား၊ ဂါနာ၊ အိန္ဒိယနှင့် ဟောင်ကောင်တို့တွင် ရုံးခွဲများရှိသည်။ Globe သည် A2P monetization၊ omnichannel messaging၊ လိမ်လည်မှုတားဆီးရေးနှင့် cloud ဝန်ဆောင်မှုများတွင် ခေတ်မီဖြေရှင်းချက်များကို ပံ့ပိုးပေးနေပြီး ၂၀၂၄၊ ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်များအတွက် စင်ကာပူ၏ အမြန်ဆုံးတိုးတက်နေသော ကုမ္ပဏီတစ်ခုအဖြစ် Straits Times နှင့် Statista တို့၏ အသိအမှတ်ပြုခြင်း အပါအဝင် နိုင်ငံတကာဆုတံဆိပ်များစွာကို ရရှိထားသော ကုမ္ပဏီတစ်ခုဖြစ်သည်။
Ref : The Print
