ပုံစာ။ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ခြမ်းတွင် ဆီဖြည့်နေသော မြန်မာနိုင်ငံသားများ။
သက်တံ့
၁၁. ၃. ၂၀၂၆
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ထိုင်းနိုင်ငံက စက်သုံးဆီ ပြည်ပတင်ပို့မှုကို ပိတ်ပင်ထားပြီးနောက် ရက်ပိုင်းအတွင်းမှာတင် ဒီဇယ်ဆီ ၁၂၀ လီတာကို ထိုင်းနိုင်ငံပြင်ပသို့ မှောင်ခိုသယ်ဆောင်ဖို့ ကြိုးပမ်းမှုနဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က မတ်လ ၁၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ကန်ချနာဘူရီခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်တွေဟာ မတ်လ ၉ ရက်နေ့ ညပိုင်းမှာ မြန်မာနယ်စပ်နဲ့ ပေ ၁၀၀ ခန့် (၃၀ မီတာ) အကွာမှာ အသက် ၂၅ နှစ်အရွယ်ရှိ အဆိုပါအမျိုးသားကို တားဆီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။ သူဟာ ဆိုင်ကယ်ဘေးတွဲပေါ်မှာ ၃၀ လီတာဝင် ဒီဇယ်ပုံး ၄ ပုံး တင်ဆောင်လာစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
သူ့ကို အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတိုင်း မဆောင်ရွက်ဘဲ ကုန်ပစ္စည်းတင်ပို့မှု၊ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုတို့နဲ့ တရားစွဲဆိုထားပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေဟာ ည ၁၁ နာရီဝန်းကျင်မှာ အဆိုပါဆိုင်ကယ်ကို တားဆီးခဲ့တာဖြစ်ပြီး စစ်ဆေးတဲ့အခါမှာတော့ အဲဒီအမျိုးသားမှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအထောက်အထား (ID) မပါရှိသလို စက်သုံးဆီအပြည့်ပါတဲ့ ပုံးအကြီးတွေကိုလည်း တွေ့ရှိခဲ့ရတာပါ။
“စစ်ဆေးမေးမြန်းတဲ့အခါမှာတော့ ဒီဇယ်ဆီတွေကို မြန်မာနိုင်ငံဘက်ကို သယ်ဆောင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သူက ဝန်ခံခဲ့ပါတယ်”လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ ဆီပမာဏဟာ ပစ်ကပ်ကားကြီးတစ်စီးရဲ့ ဆီတိုင်ကီအပြည့်နီးပါး ရှိပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့က အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် စတင်ခဲ့တဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုလမ်းကြောင်းတွေကို ထိခိုက်စေခဲ့သလို ပင်လယ်ကွေ့နိုင်ငံတွေရဲ့ တင်ပို့မှုအပေါ် အဓိကအားထားနေရတဲ့ အာရှနိုင်ငံတွေမှာ ကုန်ဈေးနှုန်း အတက်အကျတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
Ref : The Straits Times
