၁၁.၃.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအား ဖေဖော်ဝါရီလ ၂၈ ရက်တွင် စတင်တိုက်ခိုက်အပြီး စတင်လာသော အီရန်စစ်ပွဲအတွင်း ကျဆုံးသည့် အမေရိကန်တပ်ဖွဲ့ဝင် ခုနစ်ဦး ရှိသွားပြီးဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ရှောင်ပါနယ်လ်က မတ်လ ၁၀ ရက်တွင် TIME မဂ္ဂဇင်းကို ပြောကြားခဲ့ကြောင်း သိရသော်လည်း နောက်ဆုံးသတင်းများအရမူ စစ်ပွဲအတွင်း ကျဆုံးသည့် အမေရိကန် တပ်ဖွဲ့ဝင် မတ်လ ၁၁ ရက်အထိ ကိုးဦးရှိသွားပြီဟုလည်း ဖော်ပြခဲ့ကြသည်။
၎င်းက စစ်ပွဲအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၁၄၀ ခန့် ဒဏ်ရာရခဲ့ကြောင်း၊ သို့သော် ဒဏ်ရာရရှိသူအများစုက အသေးအမွှားဒဏ်ရာရရှိကြခြင်းသာဖြစ်ပြီး ၁၀၈ ဦးက တာဝန်များပြန်လည်ထမ်းဆောင်နေပြီဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်ရှစ်ဦးမှာမူ ဒဏ်ရာပြင်းထန်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
စစ်ပွဲက အရှေ့အလယ်ပိုင်းဒေသအတွင်း လျင်မြန်စွာပျံ့နှံ့ခဲ့ပြီး ဒေသတွင်း ရာနှင့်ချီသောပြည်သူများ သေဆုံးခဲ့ကြကြောင်း သိရသည်။ အီရန်နိုင်ငံတွင်ဆိုလျင် စစ်ပွဲအတွင်းသေဆုံးသူ အနည်းဆုံး ၁,၂၇၀ ဦးရှိသည်ဟု သတင်းများက ဆိုသည်။ အစ္စရေးက ကျယ်ပြန့်သော လေကြောင်းတိုက်ခိူက်မှုများပြုလုပ်လာသည့် လက်ဘနွန်နိုင်ငံတွင်ဆိုလျှင် မတ်လ ၁၀ ရက်အထိ အနည်းဆုံး ၄၈၆ ဦး သေဆုံးခဲ့ရကြောင်း လက်ဘနွန်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့သည်။
ထို့အတူ ပင်လယ်ကွေ့ဒေသအတွင်း အီရန်နိုင်ငံက ပြန်လှန်ပစ်ခတ်မှုများအောက်တွင်လည်း လူ ၂၀ ဦးကျော်သေဆုံးခဲ့ကြောင်း အာဏာပိုင်များကပြောခဲ့သည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်တပ်ဖွဲ့ဝင် ခြောက်ဦးမှာ လွန်ခဲ့သောအပတ်က ကျဆုံးခဲ့ကြခြင်းဖြစ်ကာ နောက်ဆုံးတစ်ဦးက မတ်လ ၉ ရက်က ကျဆုံးခဲ့ခြင်းဟုလည်း ပြောခဲ့သည်။
အစ္စရေးတပ်ဖွဲ့ဝင် နှစ်ဦးလည်းစစ်ပွဲတွင် ကျဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ အရပ်သား ၁၆ ဦးလည်း သေဆုံးခဲ့ပြီး ၂,၃၃၉ ဦးဒဏ်ရာရခဲ့ကြောင်း အစ္စရေးအာဏာပိုင်များက မတ်လ ၁၀ ရက်က ပြောခဲ့ကြသည်။
Ref- TIME
