၁၁.၃.၂၀၂၆
Written By Min Thet
ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် မင်းအုပ်စိုးကို တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများက MT News ကို အတည်ပြုပြောဆိုသည်။
ယမန်နေ့ မတ်လ ၉ရက် နံနက် ၁၀ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားငုတ္တို X–ray ပူပေါင်းစစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့က ဖြတ်သန်းသွားလာသည့် ယာဉ်များကို ရပ်တန့်စစ်ဆေးရှာဖွေစဉ် ဒလမြို့နယ်ဘက်မှ တွံတေးမြို့နယ်ဘက်သို့ ဒလ-တွံတေးကားလမ်း အတိုင်းမောင်း နှင်လာခဲ့သည့် မင်းအုပ်စိုးယာဉ်အတွင်း သေနတ်၊ ကျည်တို့ဖြင့် ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
ရဲမှတ်တမ်းများအရ အောင်နိုင်ထွန်း(ခ)မင်းအုပ်စိုး မောင်းနှင်လာသည့် ယာဉ်အမှတ် YGN-8 7S-(—–) အနက်ရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သေနတ်နံပါတ် A 895629 Made In CZECH REPUBLIC စာတန်းပါ CZ 75D COMPACT 9X19 ပစ္စတို သေနတ်(၁)လက်နှင့် 9X19 ကျည်ဆံ(၇)တောင့်ပါ ကျည်အိမ်(၁)ခု တပ်လျက်တို့ကို ရှာဖွေစစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
ဦးအောင်နိုင်ထွန်း(ခ)မင်းအုပ်စိုးက ၎င်း၏ ကာကွယ်ခုခံပိုင်ခွင့်အတွက် ကိုင်ဆောင်ထားခြင်းဖြစ်ကြောင်းနှင့် မည်သည့်အကြမ်းဖက် အဖွဲ့အစည်းများနှင့်မျှ ပတ်သက် ဆက်နွယ်မှုမရှိကြောင်း စစ်ဆေးချက်အပေါ် ထွက်ဆိုခဲ့သည်ဟု သိရသည်။
သို့သော်လည်း လက်နက်ကိုင်ဆောင်ခွင့်နှင့်ပတ်သက်၍ ခွင့်ပြုချက်မပြနိုင်ခြင်းကြောင့် ဦးအောင်နိုင်ထွန်း(ခ) မင်းအုပ်စိုးအား တွံတေးမြို့မရဲစခန်းက (ပ)၆၅/၂၀၂၆၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
