သက်တံ့
၁၁. ၃. ၂၀၂၆
ဆွစ်ဇာလန်နိုင်ငံမှာ ဘတ်စ်ကားတစ်စီး မီးလောင်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး တခြား ၃ ဦးကတော့ ပြင်းထန်ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားရတယ်လို့ အင်္ဂါနေ့မှာ ရဲတပ်ဖွဲ့က ပြောကြားခဲ့သလို ဒီမီးလောင်မှုဟာ ကားပေါ်ပါလာတဲ့သူတစ်ယောက်ယောက်က တမင်ရှို့တာလားဆိုတာကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။
ဖရိုင်းဗောက်ခ်ခရိုင် ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဖရက်ဒရစ် ပါပေါကတော့ မီးလောင်မှုဟာ အင်္ဂါနေ့ ( မတ် ၁၀ ရက်) ည ၆ နာရီ ၂၅ မိန်စ်အချိန်ခန့်မှာ ဆွစ်ဇာလန်မြို့တော် ဘန်းရဲ့ အနောက်ဘက် ၁၅ မိုင်အကွာမှာရှိတဲ့ ကာဇားရ်မြို့မှာ ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။
“အခုအဆင့်မှာတော့ ကားပေါ်ပါလာတဲ့သူတစ်ယောက်က တမင်တကာ လုပ်ဆောင်ခဲ့တာလို့ ယူဆရတဲ့ အထောက်အထားတွေ တွေ့ထားတယ်” လို့ ပါပေါက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဘာကြောင့် တမင်ရှို့တာလို့ ယူဆရသလဲဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဖရိုင်းဗော့က်ခ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဒီအဖြစ်ဆိုးရဲ့ တိကျတဲ့ အခြေအနေတွေကို ဖော်ထုတ်ဖို့ အစိုးရရှေ့နေတွေဘက်က ရာဇဝတ်မှုကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ပါရှိပါတယ်။ လူတစ်ယောက်က သူ့ကိုယ်သူ ဓာတ်ဆီနဲ့လောင်းပြီး မီးရှို့ခဲ့တာဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့တော့ အာဏာပိုင်တွေဘက်က ချက်ချင်းအတည်မပြုနိုင်သေးဘူးလို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာတဲ့အချိန်မှာ လူတွေဟာ ကားပေါ်ကနေ ထွက်ပြေးနေကြတာဖြစ်ပြီး ကားပေါ်မှာ လူဘယ်နှယောက် ပါလာသလဲဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ AFP သတင်းဌာနက ဆိုပါတယ်။
ဆွစ်ဇာလန် မီဒီယာတွေမှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေအရ မီးဟာ ဘတ်စ်ကားတစ်စီးလုံးကို ဝါးမြိုနေတာ တွေ့ရပါတယ်။ ဒေသန္တရအစိုးရရဲ့ ထုတ်ပြန်ချက်မှာလည်း ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်သွားချိန်မှာ ကားတစ်စီးလုံး မီးဟုန်းဟုန်းတောက်နေပြီလို့ ဖော်ပြထားပါတယ်။
ဒဏ်ရာပြင်းထန်တဲ့ လူ ၃ ဦးကိုတော့ လူနာတင်ကားတွေ၊ ရဟတ်ယာဉ်တွေနဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး တခြား ၂ ဦးကိုတော့ အခင်းဖြစ်နေရာမှာတင် ကုသပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီဘတ်စ်ကားဟာ နိုင်ငံပိုင် စာတိုက်လုပ်ငန်းနဲ့ ချိတ်ဆက်ထားတဲ့ PostBus ကုမ္ပဏီက ပြေးဆွဲတာဖြစ်ပြီး ကျောင်းသူကျောင်းသားတွေ အပါအဝင် တစ်နေ့ကို လူပေါင်း ၅ သိန်းလောက် အသုံးပြုနေကြတာပါ။
ဆွစ်ဇာလန်သမ္မတ ဂိုင်း ပါမီလင်ကတော့ “ဆွစ်ဇာလန်မှာ အခုလို ဆိုးရွားတဲ့ မီးလောင်မှုကြောင့် လူ့အသက်တွေ ထပ်ပြီးဆုံးရှုံးရတဲ့အတွက် တုန်လှုပ်ဝမ်းနည်းမိပါတယ်” လို့ X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူဝမ်းနည်းကြောင်းနဲ့ ဒဏ်ရာရသူတွေ၊ ကယ်ဆယ်ရေးသမားတွေအတွက် စိုးရိမ်ပေးကြောင်းလည်း သူက ပြောထားပါတယ်။
ဒီနှစ်အစောပိုင်းတုန်းကလည်း Crans-Montana က နှင်းလျှောစီးစခန်းတစ်ခုက ဘား (Bar) မှာ နှစ်သစ်ကူးပါတီ ကျင်းပရင်း မီးလောင်မှုဖြစ်ခဲ့လို့ လူ ၄၀ သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါသေးတယ်။ အဲဒီတုန်းကတော့ ရှန်ပိန်ပုလင်းတွေမှာ တပ်ထားတဲ့ မီးပန်းတွေကနေတစ်ဆင့် မျက်နှာကြက်ကို မီးကူးစက်ပြီး လောင်ကျွမ်းခဲ့တာလို့ စုံစမ်းသိရှိရပါတယ်။
Ref : CBS
