◾️ တင်သွင်းရောက်ရှိပြီးသော မော်တော်ယာဉ်များ ကနဦးမှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်သော်လည်း ဆောင်ရွက်ခြင်းမရှိဘဲ နံပါတ်ပြားအတုများ၊ အလှဆင်နံပါတ်ပြားများ တပ်ဆင်အသုံးပြုနေ
၁၁.၃.၂၀၂၆
Written by Nyein Kyaw
၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ဖြင့် တင်သွင်းရောက်ရှိပြီးနောက် မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရန်ကျန်ရှိသော မော်တော်ယာဉ်များ သတ်မှတ်ကာလများအတွင်း မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။
မြန်မာနိုင်ငံအတွင်းသို့ ကုန်သွယ်ရေးဦးစီးဌာန၏ တင်သွင်းခွင့်ပြုချက်နှင့် အကောက်ခွန်ဦးစီးဌာနတို့တွင် အခွန်များပေးဆောင်၍ တင်သွင်းရောက်ရှိပြီးသော မော်တော်ယာဉ်များသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ကနဦးမှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်သော်လည်း မှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိဘဲ နံပါတ်ပြားအတုများ၊ အလှဆင်နံပါတ်ပြားများတပ်ဆင်၍ အသုံးပြုနေသည်ကိုတွေ့ရှိရသည်။
ထို့အပြင် လုပ်ငန်းသုံးယာဉ်များနှင့် စက်ယန္တရားယာဉ်များသည်လည်း မှတ်ပုံတင်လုပ်ငန်းဆက်လက်ဆောင်ရွက်ခြင်းမပြုဘဲ စီမံကိန်းများနှင့် လုပ်ငန်းခွင်များတွင် တရားမဝင်အသုံးပြုနေသည်ကို တွေ့ရှိရသည်။
အဆိုပါမော်တော်ယာဉ်များသည် တည်ဆဲ ၂ဝ၂ဝ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေနှင့်အညီ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်သောကြောင့် ကုန်သွယ်ရေးဦးစီးဌာနမှ ၂၀၁၈ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသောယာဉ်များသည် ၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက်နောက်ဆုံးထား၍ လည်းကောင်း၊ ၂၀၁၉ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ထုတ်ပေးထားသောယာဉ်များသည် ၂၀၂၆ ခုနှစ် မေ ၃၁ ရက်နောက်ဆုံးထား၍လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ထုတ်ပေးထားသောယာဉ်များသည် ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်နောက်ဆုံးထား၍လည်းကောင်း ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများ ပြီးပြတ်အောင်ဆောင်ရွက်ကြရန် အသိပေးထားသည်။
သတ်မှတ်ကာလကျော်လွန်ပါက ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးမည်မဟုတ်ကြောင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ အချိန်မီဆောင်ရွက်ခြင်းမပြုပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။
