၁၀ .၃.၂၀၂၆
Written by Thiri
အိမ်ခြေမဲ့ ရွှေ့ပြောင်း နေထိုင်ရတဲ့ မိသားစုက အိမ်ထောင်ဦးစီးဖြစ်သူ ဖခင်မှာ ပလုံကောက်ရင်း ပုလင်းကွဲစူးတာကို ဆေးမြီးတိုနဲ့ကုသရာက ခြေတစ်ဖက် ပုပ်လာလို့ လူမမယ်ကလေးငါးဦးနဲ့ ဇနီးမှာ ဒုက္ခကြုံနေတာကြောင့် လူမှုကူညီရေးအသင်းတွေက အချင်းချင်းချိတ်ဆက်ကာ ကုသနိုင်ရေး စီစဉ်ပေးခဲ့ရတဲ့ ဖြစ်စဉ် ပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပုလင်းကွဲစူးတဲ့ အမျိုးသားက အသက် ၄၅ နှစ်အရွယ် ဖြစ်ပြီး လူမမယ် အသက် နှစ်နစ်ကနေ ၁၂ နှစ်အတွင်း ကလေး ငါးဦးရဲ့ ဖခင်ဖြစ်တဲ့အပြင် အိမ်ထောင်ကွဲ သားသမီးနှစ်ဦးလည်း ရှိသေးတယ်လို့ သိရပါတယ်။ သူက ပလုံကောက်တဲ့ အလုပ်နဲ့ အသက်မွေးပြီး လွန်ခဲ့တဲ့ နှစ်လခန့်က စားဝတ်နေရေးအတွက် ပလုံကောက်ရာကနေ ခြေဖဝါးအလယ်ကို ပုလင်းကွဲစူးခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာက သိပ်မကြီးတဲ့အတွက် ဆေးမြီးတို ကုက္ကိုလ်ရွက်အုံကာ အဝတ်နဲ့ စည်းထားပြီး ပလုံကောက်တဲ့ အလုပ်ကို ရက်မပြတ် ဆက်လုပ်နေခဲ့တယ်လို့ သိရပါတယ်။

ပြွန်တန်ဆာမြို့ အခြေစိုက် ရွေဇာမြေ လူမှုကူညီရေး အသင်း ဥက္ကဋ္ဌက “ကျွန်တော့်ဆီကို ပုလင်းကွဲစူး ခြေတစ်ဖက်အနာဖြစ်နေလို့ ဆေးရုံကို ပို့ပေးပါဆိုပြီး ဆက်သွယ်ပေးလာလို့ အဲ့လောက်လည်း အခြေအနေဆိုးမယ်မထင်လို့ ဒီအတိုင်းပဲ ကူရအောင် သွားတာ။ ဟိုရောက်တော့ သူ့ခြေထောက်က ခြောက်ပြီး ပုပ်နေပြီ။ အနံ့တွေလည်း ထွက်နေတာ။ အဲ့ဒါနဲ့ ပြွန်တန်ဆာဆေးရုံ ခေါ်သွားတော့ ဆရာဝန်က ပဲခူးဆေးရုံကြီးဆီသွားပါ။ ဖြတ်မှ ရမယ်ဆိုပြီး လွှဲတာနဲ့ အသင်းတွေ စုပေါင်း ချိတ်ဆက် ငွေစု ပြီး ဆေးရုံတင်ပေးလိုက်တာပါ” လို့ MT News ကို ပြောပါတယ်။
အခု မတ်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာတော့ အဆိုပါ ပလုံကောက်ရင်း ပုလင်းကွဲစူးတဲ့ လူနာအမျိုးသားမှာ ဘယ်ဘက် ခြေထောက် ပေါင်ရင်းကနေ ဖြတ်တောက်ကုသမှု ပဲခူးဆေးရုံမှာ ခံယူထားပြီး နောက်ဆက်တွဲ အခြေအနေကို ဆက်လက်စောင့်ကြည့် နေတယ်လို့ သိရပါတယ်။
“အခုခေတ်ကာလ စားဖို့တောင် အနိုင်နိုင်။ သူပလုံကောက်တာလည်း တစ်နေ့ ရှစ်ထောင်၊ တစ်သောင်းတော့ ရပေမယ့် ကျန်းမာရေးဘက်တော့ မလှည့်နိုင်ဘူး။ အရက်သေစာလည်း အသောက်အစားက ရှိတယ်။ နေတာလည်း ကျူးပါ။ ဟိုနား ဒီနား တဲက မကြာခဏ ပြောင်းနေရတယ်။ ဘေးနီးနား ပတ်ဝန်းကျင်ကလည်း ပလုံကောက်တဲ့ လူတန်းစားဆိုတော့ အဆက်အဆံမရှိကြတာလည်း ပါတယ်။ သူတို့ကိုယ်တိုင်ကလည်း အမှန်က ဗဟုသုတ နည်းတာပေါ့။ သူ့မှာ ဆီးချို ဖြစ်နေတာလည်း သူမသိတော့ အခြေအနေက ဆိုးသွားတာ” လို့ ရွေဇာမြေ လူမှုကူညီ ရေးအသင်းဥက္ကဋ္ဌက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း မန္တလေးမြို့မှာ အသက် ၁၄ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး မိသားစုလိုက် စစ်ဘေးတိမ်းရှောင်လာရင်း ပလုံကောက်ခြင်းနဲ့ အသက်မွေးရာကနေ ဘုရားပွဲမှာ ပိုက်ဆံကြဲတာကိုကောက်ရင်းချော်လဲရာက ခြေထောက်အရိုးထိသွားပြီး သေချာမကုသမိလို့ ကင်ဆာအဆင့်ကို ကူးပြောင်းသွားခဲ့ကာ ခြေထောက် ဖြတ်တောက်ကုသပေမယ့် အသက်ဆုံးခဲ့ရပါတယ်။
နောက်တစ်ဦးကလည်း ပဲခူးတိုင်း၊ ပဲခူးမြို့တွင်း မီးဖွားပြီးစ အမျိုးသမီးတစ်ဦး လက်ညောင်းနေလို့ နင်းခိုင်းရာကနေ ဆီးချို ရောဂါကြောင့် သွေးကြောပိတ်ပြီး လက်ချောင်းထိပ်ကလေးတွေပုပ်လာတာမို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကပဲ ဖြတ်တောက် ကုသခဲ့ရပါသေးတယ်။
