သက်တံ့
၁၀. ၃. ၂၀၂၆
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအင်ရှားပါးမှုကာလအတွင်း စွမ်းအင်ချွေတာကြရန် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် (Anutin Charnvirakul) က အစိုးရဝန်ထမ်းများကို ညွှန်ကြားလိုက်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့ (မတ် ၁၀ ရက်) တွင် ပြောကြားခဲ့ပြီး အဆိုပါ အစီအမံများတွင် ပြည်ပခရီးစဉ်များ ရပ်နားခြင်းနှင့် ဓာတ်လှေကားအစား လှေကားများကို အသုံးပြုခြင်းတို့ ပါဝင်သည်ဟု သိရသည်။
“ဝန်ကြီးချုပ်က ဒီနေ့ကစပြီး အစိုးရဝန်ထမ်းတွေ အိမ်ကနေ အလုပ်လုပ်ကြဖို့ (Work from home) ညွှန်ကြားလိုက်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ လာလီဒါ ပီရီဆွီဝပ်တနာ (Lalida Periswiwatana) က ယနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး၊ ပြည်သူကို တိုက်ရိုက်ဝန်ဆောင်မှုပေးရမည့် ဝန်ထမ်းများကိုမူ ခြွင်းချက်ထားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုသည်။
အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင် အရန်စွမ်းအင်မှာ ၉၅ ရက်စာခန့်သာ ကျန်ရှိတော့ပြီး၊ အမေရိကန်၊ ဩစတြေးလျနှင့် တောင်အာဖရိကနိုင်ငံတို့မှ သဘာဝဓာတ်ငွေ့ရည် (LNG) များ ထပ်မံရရှိရန် ကြိုးပမ်းနေကြောင်း စွမ်းအင်ဝန်ကြီး ဩတပို ရာခ်ပီဘွန်း (Auttapol Rerkpiboon) အဆိုအရ သိရသည်။
သို့သော်လည်း စွမ်းအင်လိုအပ်ချက်ကို လျှော့ချရန် အရေးပေါ် ကြိုးပမ်းနေရသည်။ အစိုးရ၏ အခြားသော စွမ်းအင်ချွေတာရေး အစီအမံများတွင် လေအေးပေးစက် (Air-con) အပူချိန်ကို ၂၆ ဒီဂရီမှ ၂၇ ဒီဂရီစင်တီဂရိတ်အတွင်း ထားရှိရန်နှင့် ရိုးရာဝတ်စုံ သို့မဟုတ် ကုတ်အင်္ကျီနှင့် နက်ခ်တိုင်များကဲ့သို့သော တရားဝင်ဝတ်စုံများအစား လက်တိုရှပ်အင်္ကျီများကို ဝတ်ဆင်ရန်တို့ ပါဝင်ကြောင်း လာလီဒါက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ၆၈ ရာခိုင်နှုန်းနီးပါးကို သဘာဝဓာတ်ငွေ့မှ ရရှိခြင်းဖြစ်သည်။ နိုင်ငံ၏ စွမ်းအင်ထိန်းကျောင်းမှုကော်မရှင် (ERC) ၏ အဆိုအရ သဘာဝဓာတ်ငွေ့ရည် ထက်ဝက်ကျော်ကို ထိုင်းပင်လယ်ကွေ့အတွင်း ပြည်တွင်းထုတ်လုပ်မှုမှ ရရှိပြီး ၃၅ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရကာ ထိုအထဲတွင် ၁၃ ရာခိုင်နှုန်းမှာ အိမ်နီးချင်း မြန်မာနိုင်ငံမှ တင်သွင်းခြင်းဖြစ်သည်ဟု ဆိုသည်။
ယခုလအစောပိုင်းတွင် ထိုင်းနိုင်ငံသည် လာအိုနှင့် မြန်မာနိုင်ငံမှလွဲ၍ ကျန်နိုင်ငံအားလုံးသို့ စွမ်းအင်တင်ပို့မှုများကို ရပ်နားခဲ့သည်။
အစိုးရရုံးအဆောက်အအုံများတွင် မလိုအပ်သော မီးများနှင့် လျှပ်စစ်ပစ္စည်းများကို ပိတ်ထားခြင်းဖြင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို လျှော့ချရန် အစိုးရတာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း လာလီဒါက ပြောသည်။ ထို့အပြင် အစိုးရသည် အများပြည်သူကိုလည်း ပူးပေါင်းပါဝင်ရန် မေတ္တာရပ်ခံ သွားမည်ဖြစ်ပြီး ကားတစ်စီးတည်း အတူစီးခြင်း (Carpooling) ကဲ့သို့သော စွမ်းအင်ချွေတာရေး နည်းလမ်းများကို တိုက်တွန်းသွားမည်ဖြစ်သည်။
“အကယ်၍ အခြေအနေတွေ ပိုမိုဆိုးရွားလာမယ်ဆိုရင် ဆိုင်ခန်းတွေ၊ ရုပ်ရှင်ရုံတွေနဲ့ လုပ်ငန်းခွင်တွေက ကြော်ငြာဆိုင်းဘုတ် မီးအလင်းရောင်တွေကို လျှော့ချဖို့နဲ့ စက်သုံးဆီဆိုင်တွေကို ည ၁၀ နာရီမှာ ပိတ်ဖို့ အပါအဝင် မဖြစ်မနေ လိုက်နာရမယ့် အစီအမံတွေကို အစိုးရက စဉ်းစားသွားမှာဖြစ်ပါတယ်” ဟု အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref : Reuters Via MSN
