
၁၀.၃.၂၀၂၆
Written by Linn Eain
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် အသုံးပြုမည့်ယာဉ်များ “စာမေးပွဲတာဝန်” (သို့) “ Car Pass” ကတ်ပြားများ ကားရှေ့မှန်တွင်ကပ်၍ အသုံးပြုခွင့်ရမည်ဖြစ်ပြီး စာမေးပွဲတာဝန်ခံယာဉ်များနှင့် ကျောင်းသား ကြိုပို့ယာဉ်များ စုံ၊မ အက္ခရာ ခွဲခြားခြင်းမရှိဘဲ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာ့ရုပ်မြင်သံကြား၏ မတ် ၁၀ ရက် သတင်းအစီအစဉ်တွင် ကြေညာခဲ့သည်။
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများကို မနက်ဖြန် မတ် ၁၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ယင်းကာလအတွင်း ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ စာမေးပွဲတာဝန်ရှိသူများ၊ ကျောင်းသားမိဘပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရန်အစီအမံများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းစီမံဆောင်ရွက်မှုအရ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်မော်တော်ယာဉ် အသုံးပြုခွင့်ဆိုင်ရာ အစီအမံများအဖြစ် စာမေးပွဲအတွက် အသုံးပြုမည့်ယာဥ်တွင် “စာမေးပွဲတာဝန်” သိုမဟုတ် “Car Pass” ကတ်ပြားများကို ကားရှေ့မှန်တွင်ကပ်၍ အသုံးပြုခွင့်ပြုမည်ဖြစ်သလို စာမေးပွဲတာဝန်ခံယာဉ်များနှင့် ကျောင်းသား ကြိုပို ယာဉ်များကို စုံ၊ မ အက္ခရာများ ခွဲခြားခြင်းမရှိဘဲ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြင်ပဖြေကျောင်းသားများအနေဖြင့်လည်း မိမိတို့၏ “စာမေးပွဲဖြေဆိုခွင့်ကတ်ပြား(Identity Card) ” ပြသ၍ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ မောင်းနှင်နိုင်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်မှုများကို သက်ဆိုင်ရာ ခရိုင်/မြိုနယ်ပညာရေးမှူးများနှင့် အထွေထွေ အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ထားကြောင်းသိရသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အထက်ပါအစီအစီမံများသည် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနေသည့် ကာလအတွင်းသာ အကျုံးဝင်မည်ဖြစ်သည်။
