၁၀.၃.၂၀၂၆
Written by Nay Yaung Lin
ပြည်သူ့ပါတီနှင့် ဇိုမီးအမျိုးသားပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းနှစ်ဦးက ကန့်ကွက်လွှာတင်ထားမှုအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ် ၉ ရက်တွင် စတင်ကြားနာစစ်ဆေးကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) အတွက် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ပုဒ်မ ၆၈ နှင့် နည်းဥပဒေ ၁၁၂ တို့အရ တင်သွင်းလာသည့် ကန့်ကွက်လွှာအမှုနှစ်မှုကို စတင်ကြားနာစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအမှုများကို ကြားနာစစ်ဆေးနိုင်ရန် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၉ (က) (၁) အရ ဖေဖော်ဝါရီ ၂၃ ရက်က အမိန့်အမှတ်၊ ၁/၂၀၂၆ နှင့် အမိန့်အမှတ်၊ ၂/၂၀၂၆ တို့ဖြင့် ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ကျန်ကော်မရှင်အဖွဲ့ဝင်နှစ်ဦးပါဝင်သော ရွေးကောက်ပွဲခုံအဖွဲ့ (၁)နှင့် ရွေးကောက်ပွဲခုံအဖွဲ့ (၂)တို့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရွေးကောက်ပွဲခုံအဖွဲ့ (၁)သည် ကန့်ကွက်လွှာအမှုအမှတ် (၁/၂၀၂၅)ဖြင့် လျှောက်ထားသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာကောင်းထက်ခိုင်နှင့် လျှောက်ထားခံရသူ ဇိုမီးအမျိုးသားပါတီမှ ဦးပေါင်ဇလန်းတို့အမှုကို စတင်ကြားနာစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်လွှတ်တော်(မဲအများဆုံးရယူအနိုင်ယူစနစ်- FPTP)တွင် တီးတိန်မြို့နယ်မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာကောင်းထက်ခိုင်၊ ဇိုမီးအမျိုးသားပါတီမှ ဦးပေါင်ဇလန်း၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီမှ ဒေါ်၀ုန်သွယ်ကိမ်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဇိုမီးအမျိုးသားပါတီမှ ဦးပေါင်းဇလန်းက အနိုင်ရရှိခဲ့ကာ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရွေးကောက်ပွဲခုံအဖွဲ့ (၂)သည် ကန့်ကွက်လွှာအမှုအမှတ် (၂/၂၀၂၅)ဖြင့် လျှောက်ထားသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဝင်းကြူနှင့် လျှောက်ထားခံရသူ ပြည်သူ့ပါတီမှ ဦးခိုင်ဦးတို့၏ အမှုကို စတင်ကြားနာစစ်ဆေးကြောင်း သိရသည်။
၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (မဲအများဆုံးရယူအနိုင်ယူစနစ်- FPTP) တွင် မြိတ်မြို့နယ်မဲဆန္ဒနယ်တွင် ပြည်သူ့ပါတီမှ ဦးခိုင်ဦး၊ တစ်သီးပုဂ္ဂလ ဒေါ်ညိုမီအောင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဝင်းကြူ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးရေးပါတီမှ ဦးအောင်ယုတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည့်သူပါတီက အနိုင်ရရှိခဲ့ကာ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင်လည်းကောင်း၊ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင်လည်းကောင်း၊ အပိုင်း (၃) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင်လည်းကောင်း အောင်မြင်စွာကျင်းပပေးခဲ့ကြောင်း သိရသည်။
