၁၀.၃.၂၀၂၆.
Translated by Htwe Ko Tun
လွန်ခဲ့တဲ့ ၁၀ ရက်က စတင်ခဲ့တဲ့ စစ်ပွဲက အီရန်နိုင်ငံအပေါ် ဖျက်ဆီးမှုများ ဖြစ်ပေါ်စေခဲ့ပြီးနောက်မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က စစ်ပွဲကို ရေတိုခရီးစဉ်လို့ တင်စားခေါ်ဆိုလိုက်ပြီး ဒီစစ်ပွဲက မကြာမီ ပြီးဆုံးမယ်လို့ မျှော်လင့်တယ်လို့လည်း မတ်လ ၉ ရက် က ပြောကြားခဲ့ပါတယ်။
အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ ဖေဖော်ဝါရီ ၂၈ ရက်မှာ ကျဆုံးခဲ့တဲ့ စစ်ပွဲစတင်ချိန်ကစလို့ အမေရိကန်နဲ့ အစ္စရေးတို့က ပစ်မှတ် ၅,၀၀၀ ကို တိုက်ခိုက်ခဲ့တယ်လို့ ဖလော်ရီဒါပြည်နယ်၊ ဒိုရယ်မြို့မှာ မီဒီယာတွေကို ထရမ့်ပ်က ပြောခဲ့ပါတယ်။
အီရန်ရဲ့ သဘောထားတင်းမာသူတွေက အီရန်၏ အမြင့်ဆုံးခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတဲ့ ခေါင်းဆောင်ဟောင်း အလီခါမေနီရဲ့သားဖြစ်သူ အီရန်အထွတ်အထိပ်ခေါင်းဆောင် မိုဂျ့်တာဘာ ခါမေနီအား သစ္စာစောင့်သိမှုရှိမယ်လို့ ပြောကြားပြသနေကြတုန်းမှာပဲ ထရမ့်ပ်က ခုလိုပြောကြားခဲ့တာပါ။
အီရန်မှာ နျူကလီးယားစက်ရုံတွေ၊ အရပ်ဘက်နေရာတွေနဲ့ ရေနံချက်စက်ရုံတွေနဲ့ ဆားငန်ရေသန့်စင်စက်ရုံတို့လို အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို အမေရိကန်နဲ့အစ္စရေးတို့က မတ်လ ၈ ရက်က ဆက်လက်တိုက်ခိုက်နေမှုတွေကြားထဲမှာပဲ မိုဂျ့်တာဘာကို အီရန်အထွတ်အထိပ်ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်မှုကို အတည်ပြုခဲ့ကြတာပါ။။
ထရမ့်ပ်က ရန်လိုမှုတွေ မကြာမီ အဆုံးသတ်တော့မှာပါလို့ ပြောကြားခဲ့ပေမယ့် ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေကို ဆက်လက်ပိတ်ဆို့ပါက အီရန်အပေါ် ပိုမိုကြီးမားတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီးနောက်မှာတော့ နိုင်ငံတကာစံနှုန်းဖြစ်သော Brent ရေနံစိမ်းကလည်း တစ်စည်ကို ၁၁၉ ဒေါ်လာအထိ ရောက်ရှိအောင် ရေနံဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာပါတယ်။
“အကြမ်းဖက်အစိုးရတစ်ရပ်က ကမ္ဘာကြီးကို ဓားစာခံအဖြစ် ထိန်းချုပ်ထားပြီး ကမ္ဘာ့ရေနံထောက်ပံ့မှုကို ရပ်တန့်ဖို့ ကြိုးပမ်းနေတာကို ကျွန်တော် ခွင့်မပြုပါဘူး။ အီရန်က ဒီလိုလုပ်ဆောင်မယ်ဆိုရင် သူတို့ဟာ ပိုမိုပြင်းထန်တဲ့အဆင့်မှာ တိုက်ခိုက်ခံရလိမ့်မယ်”လို့ အမေရိကန်သမ္မတ ထရမ့်ပ်က ပြောခဲ့ပါတယ်။
သူက “အမေရိကန်ဟာ ဟော်မုဇ်ရေလက်ကြားက ခြိမ်းခြောက်မှုတွေကို အဆုံးသတ်ဖို့၊ ပင်လယ်ကွေ့မှာ လည်ပတ်နေတဲ့ ရေနံတင်သင်္ဘောတွေကို နိုင်ငံရေးအန္တရာယ်အာမခံ ပေးအပ်ဖို့ လုပ်ဆောင်နေပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည်သိုလှောင်မှုတွေကို ဆက်လက်ပစ်မှတ်ထားနေတယ်လို့လည်း ထရမ့်ပ် ပြောကြားခဲ့ပါတယ်။
“ဒီနေ့ကစပြီး ကျွန်တော်တို့ သိတဲ့ သူတို့ ဒရုန်းတွေ ထုတ်လုပ်တဲ့ နေရာအားလုံးကို တစ်ခုပြီးတစ်ခု စတင်တိုက်ခိုက်မယ်” လို့ ထရမ့်ပ်က ပြောကြားခဲ့ပြီး အီရန်နိုင်ငံရဲ့ ဒုံးကျည်စွမ်းရည်ဟာ ၁၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားတယ်၊ ဒီထက်တောင် နည်းနိုင်ပါသေးတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
အစောပိုင်းက ထရမ့်ပ်က ဒိုရယ်မှာရှိတဲ့ သူ့ရဲ့ဂေါက်ကလပ်မှာ ရီပတ်ဘလီကန်ပါတီဝင်တွေကို စုဝေး သတင်းစာရှင်းပွဲမှာ အီရန်စစ်ပွဲဟာ ရေတိုခရီးစဉ်တစ်ခုဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ထိုးစစ်ဆင်မှုကို ရန်သူအနေနဲ့ လုံးဝ ပြတ်ပြတ်သားသား ရှုံးနိမ့်တဲ့အထိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထရမ့်ပ်က အခိုင်အမာ ပြောကြားခဲ့ပါတယ်။
ထရမ့်ပ် က စုဝေးနေတဲ့ ဧည့်သည်တွေကို “တချို့လူတွေကို ဖယ်ရှားဖို့က အဲဒီလိုလုပ်မှရမယ်လို့ ခံစားရလို့ ကျွန်တော်တို့ ဒီရေတိုခရီးစဉ်အတိုင်း လိုက်လံဆောင်ရွက်ခဲ့ရတာပါ။ ကျွန်တော်တို့ နည်းလမ်းအမျိုးမျိုးနဲ့ အနိုင်ရပြီးသားပါ၊ ဒါပေမယ့် လုံလောက်တဲ့ အနိုင်ရမှုတော့ မဟုတ်သေးဘူးပေါ့။” လို့ပြောခဲ့ပါတယ်။
ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းက စစ်ပွဲတွေအကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဖုန်းခေါ်ဆို ပြောကြားမှုအပြီးမှာ ထရမ့်ပ်က သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တာပါ။ ပူတင်က အရှေ့အလယ်ပိုင်း ပဋိပက္ခ ပြေလည်အောင် အကူအညီပေးချင်တယ်လို့ ထရမ့်ပ်က ပြောပါတယ်။
“ကျွန်တော်က ‘ယူကရိန်းစစ်ပွဲကို အဆုံးသတ်ပေးခြင်းအားဖြင့် ပိုအထောက်အကူဖြစ်စေနိုင်ပါတယ်။ အဲဒါက ပိုအထောက်အကူဖြစ်စေမှာပါ’ လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အရမ်းကောင်းတဲ့ ဆွေးနွေးမှုတစ်ခု လုပ်ခဲ့ပါတယ်” လို့ ထရမ့်ပ်က ပြောပါတယ်။
ထရမ့်ပ်နဲ့ မတူကွဲပြားတာကတော့ ပူတင်က ဖခင်ဖြစ်သူနေရာကို ဆက်ခံပြီး အီရန်နိုင်ငံရဲ့ အထွတ်အထိပ်ခေါင်းဆောင်သစ် အဖြစ်ရွေးချယ်ခံရတဲ့ မိုဂျ့်တာဘာ ခါမေနီကို ဂုဏ်ပြုခဲ့ပြီး ရုရှားအစိုးရရဲ့ အီရန်အပေါ် ထောက်ခံမှုကို အတည်ပြုခဲ့ပါတယ်။
ထရမ့်ပ်ကတော့ အီရန်ရဲ့ အ့မြင့်ဆုံးခေါင်းဆောင်ရွေးချယ်မှုအပေါ် စိတ်ပျက်မိတယ်လို့ ပြောပါတယ်။ “ဒါက အီရန်နိုင်ငံအတွက် အလားတူပြဿနာမျိုးတွေ ပိုဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။” လို့ သူက ပြောခဲ့ပါတယ်။
အီရန်ခေါင်းဆောင်သစ် မိုဂျ့်တာဘာကို ပစ်မှတ်ထားပြီး တိုက်ခိုက်သွားနိုင်မှု ရှိမရှိ မေးမြန်းခံရတဲ့အခါ ထရမ့်ပ်က သူ့အနေနဲ့ ပြောဖို့ မသင့်တော်ဘူးလို့ ဖြေခဲ့ပါတယ်။
အစ္စရေးကတော့ အယာတိုလာ ခါမေနီရဲ့ နေရာကို အစားထိုးဖို့ ရွေးချယ်ခံရတဲ့ အီရန်ခေါင်းဆောင်သစ်တိုင်းကို လုပ်ကြံသတ်ဖြတ်ဖို့ ပစ်မှတ်ထားမယ်လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ်က ၁၂ ရက်ကြာ စစ်ပွဲကို ပြန်ရည်ညွှန်းပြီး ထရမ့်ပ်က အမေရိကန်နဲ့ အစ္စရေးတို့ဟာ အဲဒီအချိန်က ပူးတွဲထိုးစစ်မစတင်ခဲ့ရင် အီရန်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ အလားအလာ ရှိလိမ့်မယ်ဆိုတဲ့ ပြောဆိုချက်တွေကို ထပ်လောင်းပြောကြားခဲ့ပါတယ်။ ထရမ့်ပ်က “သူတို့မှာသာ နျူ လက်နက်ပိုင်ဆိုင်နေရင် ဒါကို အခုကတည်းက အသုံးပြုခဲ့ပြီး အနည်းဆုံးတော့ အစ္စရေးဟာ ဖျက်ဆီးခံရမှာပါ” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
Ref- Al Jazeera
