၁၀.၃.၂၀၂၆
Written By Thandar
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ကြီးမှူးဖွင့်လှစ်တဲ့ “လွှတ်တော်သတင်းရယူနည်းဆိုင်ရာ အထူးရက်တိုသင်တန်း”ဖွင့်ပွဲနဲ့ အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ မတ်လ ၁၀ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ရွှေဥဒေါင်းခန်းမ၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရုံးမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ သတင်းပညာကို မြန်မာပြည်မှာလည်း သင်တန်းတွေတက်ခဲ့သလို ပြည်ပနိုင်ငံတွေမှာလည်း သင်တန်းတွေတက်ခဲ့တယ်။ သတင်းနဲ့ပတ်သက်တဲ့ သတင်းသင်တန်းတွေ တက်ခဲ့တယ်။ မြန်မာပြည်မှာ သင်တန်းပြန်ပို့ချတာ သင်တန်းပေါင်း ၂၀ လောက်ရှိပါပြီ။ ပေါ်ပြူလာနဲ့ ရုပ်မြင်သံကြားမှာရော လုပ်ခဲ့တာတွေကို ပြန်လည်ဝေမျှမှာပါ။ ရွေးကောက်ပွဲနဲ့ သတင်းဆိုတဲ့ စာအုပ်လည်း ထွက်ခဲ့တာမို့ လက်ရှိမှာ ခေတ်မီနေတုန်းပါပဲ။ တစ်နာရီအတွင်း လွှတ်တော်အသီးသီး သတင်းယူမယ့်သူတွေ သတင်းယူတဲ့နေရာမှာ ဆောင်ရန် ရှောင်ရန်တွေကို သေချာသင်ပေးမှာပါ။ ထိထိရောက်ရောက် ထိထိမိမိ ဘယ်လိုမေးမြန်းခဲ့ဆိုတာကို သင်ကြားပေးမှာပါ”လို့ စာရေးဆရာ ဟိန်းလတ်က ပြောပါတယ်။
အဆိုပါ သင်တန်းမှာတော့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအသင်းဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ မြင်းမူမောင်နိုင်မိုးတို့က မုဒိတာစကားတွေပြောကြားခဲ့ပြီး မြန်မာနိုင်ငံသတင်းစာအသင်း ဥက္ကဋ္ဌ ဦးမြတ်ခိုင်က ကျေးဇူးတင်စကား ပြောကြာခဲ့ကာ သတင်းသင်တန်းဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းခဲ့ကြတဲ့သူတွေကို ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်ခဲ့ပါတယ်။ သင်တန်းသား ၃၀ ကျော် တက်ရောက်ခဲ့ပြီး သင်တန်းရက်တိုအနေနဲ့ သုံးရက်တိုင်တိုင် သင်ကြားပေးသွားမှာလည်း ဖြစ်ပါတယ်။
“ပညာသည် အိုသည်မရှိဘူး။ ငယ်တယ် ကြီးတယ်ရယ် မဟုတ်ပါဘူး။ သတင်းအချက်အလက်တွေနဲ့ပတ်သက်ပြီး လွှတ်တော်သတင်းတွေကို ဘယ်လိုလွယ်ကူစွာနဲ့ရရှိနိုင်မလဲ။ ဆောင်ရန်ရှောင်ရန်အချက်တွေ သေချာသင်ကြားပေးမှာပါ။ Idea တွေ Knowledge တွေ ဆင်ခြင်သုံးသပ်နိုင်ဖို့တွေ သေချာလေး ပြန်လည်ဖော်ပြဖို့ တင်ဆက်ရမယ့် နည်းလမ်းတွေကိုသင်ကြားပေးမှာပါ”လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအသင်း ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက ပြောပါတယ်။
