၁၀.၃.၂၀၂၆
Written by Thiri
အိမ်ခြေမဲ့ အမျိုးသမီးတစ်ဦး လမ်းဘေးမှာ ကလေးမီးဖွားတာကို လူမှုကူညီရေးအသင်းက ကူညီမွေးဖွားပေးခဲ့ပြီး ကလေးရော မိခင်ကိုပါ ဗဟိုအမျိုးသမီးဆေးရုံကြီးဆီ တာဝန်ယူတင်ပို့ပေးခဲ့ရတဲ့ဖြစ်စဉ် မနေ့က မတ်လ ၉ ရက်နေ့ညပိုင်းက ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ကျောက်တံတားခရိုင် အခြေစိုက် လင်းလက်လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ပန်းဘဲတန်းမြို့နယ် အနော်ရထာလမ်း ၃၂ လမ်းထိပ်မှာ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး တစ်ကိုယ်တည်း ကလေးမီးဖွားချင်နေကြောင်း တာဝန်သိပြည်သူတစ်ဦးက လင်းလက်လူမှုကူညီရေးအသင်းထံ ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ အသင်းက တာဝန်ရှိသူတွေ လူနာတင်ကားနဲ့ ရောက်ရှိချိန် အဆိုပါ အမျိုးသမီးမှာ ကလေးမီးဖွားပြီးနေပြီမို့ ချက်ကြိုးဖြတ် ကလေးကောက်တာကို လင်းလက်အသင်းက ဥက္ကဋ္ဌလည်းဖြစ်သူ သူနာပြုဆရာမကြီး ဒေါ်ဇော်မိမိကဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်နိုင်ဖို့ အမျိုးသမီးဆေးရုံကြီးဆီ ပို့ဆောင်ကူညီပေးခဲ့တာ ဖြစ်ပါတယ်။
ဥက္ကဋ္ဌ ဒေါ်ဇော်မိမိက “လမ်းဘေးမှာ အိမ်ခြေမဲ့ နေထိုင်သူတွေထဲ အရွယ်ရောက်လာတဲ့ အမျိုးသမီးလေးတွေမှာ ကိုယ်လေးလက်ဝန်တွေနဲ့ တွေ့နေရတယ်။ အနီးပတ်ဝန်းကျင်မှာ တစ်ဦးတစ်လေ မဟုတ်ဘူး။ လေးငါးယောက်လောက်ပဲ။ သတိထားမိသလောက်ပေါ့။ ကျွန်မအသင်းက မွေးပေးရတဲ့ ကလေးပဲ ဒီနှစ်ထဲ နှစ်ဦးရှိတယ်။ ကလေးမွေးပြီး နောက်ဆက်တွဲအနေနဲ့ မိခင်ကို သန္ဓေတားဖို့ ဆောင်ရွက်ပေးတာ။ ကလေးကို ကာကွယ်ဆေး ထိုးနှံဖို့ ဆောင်ရွက်ပေးတာတွေ နောက်က လိုက်လုပ်နေပါတယ်။ လေထဲကကူးစက်နိုင်တဲ့ ရောဂါတွေက သူတို့ဆီကနေတစ်ဆင့်လည်း ပြန့်ပွားနိုင်တာမို့ ကြိုးစားပေးနေတာပါ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
လမ်းဘေး အိမ်ခြေမဲ့နေထိုင်သူ အများစုထံမှာ တီဘီရောဂါ ဖြစ်ပွားမှုတွေ ပြန်လည်တွေ့ရှိနေရပြီး သေဆုံးတဲ့သူတွေကိုလည်း ရုပ်အလောင်းကောက်ယူရတာမျိုးရှိနေတယ်လို့ လင်းလက်လူမှုကူညီရေး အသင်းတာဝန်ရှိသူကဆိုပါတယ်။
အခုကလေးမီးဖွားထားတဲ့ အမျိုးသမီးထံမှာလည်း တီဘီ ဆေးသောက်နေရတဲ့ မှတ်တမ်းမျိုးတွေ့ရှိထားပြီး ဆေးယဉ်ပါးတီဘီ ဖြစ်နေမှာမျိုး စိုးရိမ်ရတဲ့ အခြေအနေလို့လည်း ဆိုပါတယ်။ အဆိုပါ အိမ်ခြေမဲ့ အမျိုးသမီး မွေးဖွားခဲ့တာက သမီး မိန်းကလေးဖြစ်ပြီး ကိုယ်အလေးချိန် ၇ ပေါင် ၈အောင်စ ရှိတယ်လို့ သိရပါတယ်။
