◾ ၂၀၂၅ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ PDF မုဒိမ်းမှုတွေကိုလည်း အရေးမယူနိုင်သေးဟုပါ လရှီးလထံပို့စာတွင် ဖော်ပြထား
နေမိုး
၁၀. ၃. ၂၀၂၆
သားသည်မိခင် မွတ်စ်လင်မ် PDF မ မသဇင်ဆိုသူကို ရိုက်နှက် နှိပ်စက် မုဒိမ်းကျင့်မှုဖြစ်စဥ်မှာ ဦးဆောင်ကျူးလွန်တဲ့ NUG ဩဇာခံ ယင်းမာပင်တပ်ရင်း (၂၀) တပ်ရင်းမှူး ရန်ရှင်းအောင် အပါအဝင် ကျူးလွန်သူ တရားခံတွေကို ဖမ်းဆီးပြီး အရေးယူဖို့ NUG ယာယီသမ္မတ တာဝန်ယူထားတဲ့ ဒူဝါလရှီးလထံ All Burma Women’s Union- ABWU ဦးဆောင်တဲ့ အမျိုးသမီးနဲ့ အလုပ်သမားအဖွဲ့အစည်းခြောက်ခုက အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။



ဒီပေးပို့စာမှာ ရိုက်နှက် နှိပ်စက် မုဒိမ်းမှုကို ဦးဆောင်ကျူးလွန်တဲ့ ယင်းမာပင်ခရိုင်တပ်ရင်းမှူး ရန်ရှင်းအောင်နဲ့ ဒုတပ်ရင်းမှူးအပါအဝင် ကျူးလွန်သူအားလုံးကို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်မရှိစေဖို့၊ တာဝန်ရှိသူအားလုံးက တာဝန်ယူ၊ တာဝန်ခံဖို့၊ ရှင်သန်နေဆဲ မုဒိမ်းကျင့်ခံ မွတ်စ်လင်မ် PDF မ မိသားစုဘေးကင်းလုံခြုံဖို့၊ ကျူးလွန်သူရန်ရှင်းအောင် အပါအဝင် တရားခံအားလုံးကို NUG က ချက်ချင်းဖမ်းဆီးပြီး တာဝန်က ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် ဒီဖြစ်စဥ်ဟာ လေးလနီးပါးကြာလာနေပြီဖြစ်ပြီး အခုအချိန်အထိ အရေးမယူနိုင်သေးသလို ၂၀၂၅ ခုနှစ်အတွင်းမှာလည်း ကန့်ဘလူ ပအဖခေါင်းဆောင်က Non CDM ဆယ်တန်းကျောင်းသူကို သက်ငယ်မုဒိမ်းကျင့်တာ အရေးမယူပေးတာ၊ ကျောက်ဆည်ခရိုင် တပ်ရင်း (၃) CDM ဆေးမှူး PDF မ အရိုက်ခံရတာ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၆ တပ်ရင်းမှူးက ကိုယ်ဝန်သည်ကို ကိုယ်ဝန်ပျက်ကျအောင် မုဒိမ်းကျင့်တာကို အရေးမယူတာတွေလည်း ဖော်ပြထားပါတယ်။
သားသည်မိခင် မွတ်စ်လင်မ် PDF မသဇင် မုဒိမ်းကျင့်ခံရတဲ့ ဖြစ်စဥ်ကို စတင်ဖော်ထုတ်သူဟာ CDM ကျောင်းဆရာဟောင်း ဖြိုးဝေအောင်ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ မုဒိမ်းကျင့်ခံရတဲ့ မွတ်စ်လင်မ် PDF မရဲ့ မိခင်ထံကို ယင်းမာပင်တပ်ရင်း (၂၀) ရဲ့ တပ်ရင်းမှူး ရန်ရှင်းအောင်က “ခင်ဗျားသမီး မုဒိမ်းကျင့်ခံရတယ်”လို့ အသိပေးလာတဲ့ မက်ဆေ့ချ်နဲ့ နှိပ်စက်ထားပုံတချို့ ချပြလာတာဖြစ်ပါတယ်။ ဒီဖြစ်စဥ်မှာ ကျူးလွန်ခံရတဲ့ မွတ်စ်လင်မ် PDF မဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ တပ်ရင်းကမသိဘဲ အလှူခံတာကြောင့် ယင်းမာပင်တပ်ရင်း (၂၀) ဒုတပ်ရင်းမှူးက ဆံပင်ဆွဲပါးရိုက်ပြီး တပ်ရင်းမှူး ရန်ရှင်းအောင်က ပါးစပ်အဝတ်စို့ တုတ်နဲ့ရိုက်တဲ့အပြင် ညဘက်မှာ အချုပ်ခန်းကထုတ်၊ လက်ပြန်ကြိုးတုပ်ပြီး ပါးစပ်အဝတ်စို့မုဒိမ်းကျင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ယင်းမာပင် တပ်ရင်း (၂၀) က ဒီလို ကျုးလွန်အပြီးမှာ ဗိုက်မကြီးအောင် အရက်နဲ့ ကျားငါးကောင်ဆေးတွေလည်း တိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်ကို မြန်မာနိုင်ငံဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကောင်စီကလည်း ရှုတ်ချကြောင်း၊ မုဒိမ်းကျင့်ခံ PDF မနဲ့ ကလေး၊ မိသားစုကို ကာကွယ်ပေးဖို့၊ ကျူးလွန်တဲ့ တပ်ရင်းမှူးအပါအဝင်အားလုံးကို လက်နက်ဖြုတ်သိမ်း အရေးယူဖို့ NUG ကို တောင်းဆိုထားသလို ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂအပါအဝင် အဖွဲ့အစည်း ခုနစ်ခုကလည်း ကျူးလွန်သူတွေကို အရေးယူပေးဖို့တောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုချက်တွေမှာ ကျူးလွန်ခံရသူဟာ ဘာသာခြားဖြစ်နေတာကြောင့် ရိုက်နှက်နှိပ်စက်မုဒိမ်းကျင့်ခံရမှုအပြင် လူမျိုးရေးခွဲခြားခံရတာတွေလည်း ရှိခဲ့တာကြောင့် (၁) အမှုနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုကို ချက်ချင်းပြုလုပ်ရန်၊ (၂) ကျူးလွန်သူများကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန်နှင့် ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ရန်၊ (၃) ကျူးလွန်ခံရသူအပေါ် ဖြစ်ပွားခဲ့သည့် ထိခိုက်နစ်နာမှုကို အများပြည်သူရှေ့တွင် အသိအမှတ်ပြုရန်နဲ့ (၄) တော်လှန်ရေးအဖွဲ့အစည်းများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု မဖြစ်ပွားစေရန် ကာကွယ်ရေး စနစ်များနှင့် တာဝန်ခံမှုစနစ်များ တည်ဆောက်ရန်” စတဲ့အချက်တွေကို အလေးအနက်တောင်းဆိုတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
MT News ရဲ့ သတင်းမှတ်တမ်းတွေအရ NUG ရဲ့ PDF တွေက လူသိရှင်ကြား ကျူးလွန်ခဲ့တဲ့ မုဒိမ်းမှု ဆယ်မှုအထက် ရှိနေပြီး တစ်မှုကိုမှ NUG က ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ခဲ့တာ မရှိပါဘူး။
