၁၀.၃.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်းတွင် မတ်လ ၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် လူ ၇၄ ဦး မီးဘေးသင့်ကာ နေအိမ် ၁၃ လုံး မီးလောင်ဆုံးရှုံးခဲ့မှုမှာ ပလပ်ခုံအပူလွန်ကဲရာမှ အောက်ရှိ ဆေးအဖြစ်အသုံးပြုရန် ရေနံဆီထည့်ထားသော ကော်ဘူးပေါ်သို့ကျရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
မီးလောင်မှုမှာ သွပ်မိုး၊ ပျဥ်ထောင်၊ ပျဥ်ခင်း နှစ်ထပ်အိမ်၏ မီးဖိုခန်းတွင် စတင်ဖြစ်ပွားခဲ့ပြီး သွပ်မိုး၊ ပျဥ်ထောင်၊ ပျဥ်ခင်း နှစ်ထပ်နေအိမ် ၁၁ လုံး၊ သွပ်မိုး၊ ပျဥ်ထောင်၊ ပျဥ်ခင်း တစ်ထပ်နေအိမ် ၂ လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သည်။
နေအိမ် ၁၃ လုံး မီးလောင်ဆုံးရှုံးမှုကြောင့် အိမ်ထောင်စု ၁၆ စု၊ အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၄၃ ဦး စုစုပေါင်း ၇၃ ဦး မီးဘေးသင့်ခဲ့ပြီး ကူးတို့ဆိပ်လမ်းရှိ သာသနာ့နုဂ္ဂဟ ဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားကြောင်း သိရသည်။
လူနေအိမ် ၁၃ လုံးမီးလောင်မှုကြောင့် အသက် ၆၀ အရွယ် ဒေါ်ခင်ဝေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် မင်္ဂလာတောင်ညွန့်မြို့မစခန်းက အမှုဖွင့်အရေးယူထားသည်။
အလားတူ မတ်လ ၉ ရက်နေ့ ညနေ ၅ နာရီ ၂၇ မိနစ်ခန့်က ဒလမြို့နယ်၊ စံပြတံတားချောင်းကျေးရွာ၊ ဗိုလ်ချုပ်လမ်းတွင် အမျိုးသားတစ်ဦးက မီးရှို့ရာမှ သွပ်မိုး၊ ကျောက်ပြားကာ ပျဥ်ခင်း တစ်ထပ်နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။
