၁၀.၃.၂၀၂၆
Translated by Htwe Ko Tun
အီရန်နိုင်ငံကို အမေရိကန်နှင့် အစ္စရေးတို့က စတင်တိုက်ခိုက်သည့် ဖေဖော်ဝါရီလ ၂၈ ရက်၌ပင် အီရန်နိုင်ငံအတွင်း စစ်အခြေစိုက်စခန်းအနီးရှိ မိန်းကလေးကျောင်းတစ်ခုကို အမေရိကန်တို့၏ တိုမာဟော့ခ်ဒုံးကျည်တစ်စင်း ပစ်ခတ်ထိမှန်သည့် ဗီဒီယိုကို အီရန်နိုင်ငံ Mehr သတင်းအေဂျင်စီကထုတ်ပြန်ခဲ့ရာ ထိုကျောင်းမှ အနည်းဆုံး မိန်းကလေးကျောင်းသူ ၁၆၈ ဦးနှင့် ဆရာ ၁၄ ဦးသေဆုံးခဲ့ရသည့် ဖြစ်ရပ်၌ အဓိကအားဖြင့် အမေရိကန်၏ ဒုံးကျည်ကြောင့်ဟု အတည်ပြုနိုင်ဖွယ်ရှိလာကြောင်း သိရသည်။
Mehr News တွင် တင်ထားသော ဗီဒီယိုအသစ်က ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်တောင်ပိုင်း မီနက်ဘ်ဒေသသို့ ဒုံးကျည်များ ပစ်ခတ်ခဲ့သည့် ပထမဆုံးဗီဒီယိုဖြစ်ပြီး အနီးအနားရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ရိုက်ကူးထားခြင်းဖြစ်သည်။ ဗီဒီယိုတွင် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ အခြေစိုက်စခန်းအတွင်းရှိ နေရာတစ်ခုကို ပစ်ခတ်ခဲ့သည့် အဆိုပါဒုံးကျည်က အမေရိကန်၏ BGM သို့မဟုတ် UGM-109 တိုမာဟော့ခ် မြေပြင်ပစ်ဒုံးကျည် ဖြစ်မည်ဟု ကျွမ်းကျင်သူများက ဆိုသော ခဲယမ်းမီးကျောက်တစ်ခုကို ပြသခဲ့သည်။
ကင်မရာသည် ညာဘက်သို့ လှည့်လိုက်သောအခါ Shajareh Tayyiba ကျောင်း၏ ဦးတည်ရာမှ မီးခိုးလုံးကြီးတစ်ခုကို မြင်တွေ့နိုင်ပြီး အနည်းဆုံး ကလေး ၁၆၈ ဦးနှင့် ဆရာ ၁၄ ဦး သေဆုံးခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
၎င်းဗီဒီယိုက အီရန်အနေဖြင့် ထိုတိုက်ခိုက်မှုအတွက် တာဝန်ရှိသည်ဟု အမေရိကန် သမ္မတဒေါ်နယ်ဒ်ထရမ့်ပ်၏ ပြောဆိုချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် အထောက်အထားများစွာကို ထပ်လောင်း ဖြည့်စွက်ပေးခဲ့သည်။
သမ္မတ ထရမ့်ပ်က “ကျွန်တော်မြင်တွေ့ခဲ့ရတာတွေအရ အီရန်က ဒါကိုလုပ်ခဲ့တာပါ” ဟု မတ်လ ၇ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့ပြီး အီရန်၏ ခဲယမ်းမီးကျောက်များကို ပစ်မှတ်အား ထိမှန်ရန် အလွန်ပင်တိကျမှုမရှိ ဟုလည်း ဆိုခဲ့သည်။
သို့သော် ဗီဒီယိုက CNN သတင်းများ၊ ကျွမ်းကျင်သူများ၏ ခွဲခြမ်းလေ့လာမှုနှင့် အခြားသတင်းဌာနများ၏ ဖော်ပြချက်အရ အမေရိကန်စစ်တပ်သည် ကျောင်းကို တိုက်ခိုက်မှုအတွက် တာဝန်ရှိနိုင်သည်ဟု တွေ့ရှိချက်နှင့်မူ တထေရာတည်း တူညီနေသည်ဟု ဆိုရမည်ဖြစ်သည်။
သတင်းထောက်တစ်ယောက်က ထရမ့်ပ်၏ ပြောဆိုချက်များ မှန်ကန်မှုရှိမရှိ မေးမြန်းသည့်အခါ ကာကွယ်ရေးဝန်ကြီး ပိသ် ဟက်ဆက်ကလည်း “ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်၊ ဒါပေမယ့် အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တစ်ခုတည်းသောဘက်က အီရန်ပါ” ဟု ပြောကြားခဲ့သည်။
Ref- CNN
