သက်တံ့
၁ဝ. ၃. ၂၀၂၆
မြန်မာနိုင်ငံမြောက်ပိုင်းမှ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ကိုးကန့်တရုတ်မိသားစုဝင် ၁၆ ဦးကို ပြစ်ဒဏ်စီရင်ခြင်းနှင့် ကွပ်မျက်ခြင်းတို့မှာ အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း ပေကျင်းအစိုးရက ချီးကျူးလိုက်ပြီး ပြည်ပရောက် တရုတ်နိုင်ငံသားများ၏ ရပိုင်ခွင့်များကို ထိခိုက်အောင်လုပ်ဆောင်သူ မည်သူ့ကိုမဆို အပြစ်ပေးသွားမည်ဟု ကတိပြုလိုက်ကြောင်း SCMP သတင်းဌာနက ဖော်ပြသည်။
ယမန်နေ့ မတ်လ ၉ ရက် (တနင်္လာနေ့)တွင် ပြုလုပ်သည့် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ စုံညီအစည်းအဝေးအတွင်း တရားလွှတ်တော်ချုပ် ဥက္ကဋ္ဌ ရှန်းကျွင်း (Zhang Jun) က အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ရာတွင် တရုတ်တရားရုံးများသည် ပြီးခဲ့သည့်နှစ်အတွင်း တယ်လီဖုန်းနှင့် အွန်လိုင်းလိမ်လည်မှု (Scams) နှင့် ဆက်နွှယ်သည့် ရာဇဝတ်မှုပေါင်း ၄၁,၀၀၀ ကို အဆုံးသတ်နိုင်ခဲ့ပြီး ၎င်းမှာ ၂၀၂၄ ခုနှစ်ထက် ၁ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံမြောက်ပိုင်းက မိသားစုကြီး လေးစု (ပယ်၊ မြီ၊ ဝေ၊ လျှို) ရာဇဝတ်ဂိုဏ်းတွေရဲ့ အဓိက တရားခံ ၁၆ ဦးကို သေဒဏ်ချမှတ်ပြီး ချက်ချင်းကွပ်မျက်ခဲ့ပါတယ်။ ပြည်ပမှာ တရုတ်နိုင်ငံသားတွေအပေါ် ရာဇဝတ်မှုကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အပြစ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
တရုတ်အာဏာပိုင်များသည် ပြီးခဲ့သည့် လအနည်းငယ်အတွင်း အရှေ့တောင်အာရှရှိ ဂိုဏ်းခေါင်းဆောင် အများအပြားကို ဖမ်းဆီးခြင်း သို့မဟုတ် ကွပ်မျက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။ ဖမ်းဆီးခံရသူများထဲတွင် ကမ္ဘောဒီးယားနိုင်ငံမှ Prince Holding Group ကို တည်ထောင်သူ တရုတ်နိုင်ငံဖွား ချန်ကျိ (Chen Zhi) လည်း ပါဝင်သည်။ ဇန်နဝါရီလအတွင်းက နှစ်နိုင်ငံအကြား လပေါင်းများစွာ ပူးပေါင်းဆောင်ရွက်မှုကြောင့် ၎င်းကို တရုတ်ဥပဒေစိုးမိုးရေးအဖွဲ့များထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်လအစောပိုင်းတွင် တရုတ်နိုင်ငံသည် လူသတ်မှုမှအစ လိမ်လည်မှုနှင့် လူကုန်ကူးမှုအထိ ရာဇဝတ်မှုအမျိုးမျိုး ကျူးလွန်ခဲ့သည့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ကျားဖြန့်ဂိုဏ်းဝင်အဓိကတရားခံ ကိုးကန့်တရုတ် ၁၆ ဦးကို လျင်မြန်စွာ ကွပ်မျက်ခဲ့သည်။ အဆိုပါ အမှုများရှိ နစ်နာသူအားလုံးမှာ တရုတ်နိုင်ငံသားများဖြစ်သော်လည်း ကွပ်မျက်ခံရသူ အများအပြားမှာ ရာဇဝတ်ဂိုဏ်းချုပ်များကို ကွပ်မျက်လေ့မရှိသော ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ နိုင်ငံသားများလည်း ဖြစ်နေကြပြီး သေဒဏ်ချမှတ်ခံရသူအားလုံးသည် နှစ်နိုင်ငံလုံးမှ နိုင်ငံသားအသိအမှတ်ပြုလက်မှတ်များ ကိုင်ဆောင်ထားသည်။ သို့သော် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရမူ နှစ်နိုင်ငံသားဖြစ်ခွင့်ကို လက်ခံမထားသဖြင့် အခြားနိုင်ငံသား အဖြစ် ခံယူသည်နှင့်တစ်ပြိုင်နက် မြန်မာနိုင်ငံသားအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သည်။
Ref : SCMP
