သက်တံ့
၁၀. ၃. ၂၀၂၆
အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ကြား တင်းမာမှုများ မြင့်တက်လာခြင်းနှင့် ဆက်နွှယ်နေသည့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်း ပိုမိုဆိုးရွားလာချိန်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် စက်သုံးဆီနှင့် လျှပ်စစ်ဓာတ်အား ချွေတာရန် ရည်ရွယ်သည့် အရေးပေါ်ခြေလှမ်းတစ်ရပ်အနေဖြင့် တစ်နိုင်ငံလုံးရှိ အဆင့်မြင့် ပညာရေးဌာနများကို ပိတ်ထားရန် အမိန့်ထုတ်ပြန်လိုက်သည်။
အဆိုပါ ဆုံးဖြတ်ချက်သည် အစိုးရနှင့် ပုဂ္ဂလိက တက္ကသိုလ်များ၊ အင်္ဂလိပ်စာသင်ကျောင်း (English-medium schools) နှင့် ကျူရှင်သင်တန်းကျောင်း (Coaching centers) များအားလုံးနှင့် သက်ဆိုင်ပြီး တနင်္လာနေ့ (မတ် ၉ ရက်) မှစတင်ကာ ပညာသင်ကြားရေးလုပ်ငန်းစဉ်များကို ရပ်နားရန် ညွှန်ကြားခဲ့သည်။ ကမ္ဘာ့ရေနံဈေးကွက် မတည်မငြိမ်ဖြစ်နေချိန်တွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို လျှော့ချရန်နှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ စက်သုံးဆီအသုံးပြုမှုကို လျှော့ချရန်အတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အမိန့်အရ အခြေခံပညာအဆင့်ကျောင်းများပါဝင်ခြင်းမရှိဘဲ အဆင့်မြင့်ပညာရေးဌာနများဖြစ်သော တက္ကသိုလ်များကို အစ္စလာမ်အိဒ်ပွဲတော် (Eid-ul-Fitr) အားလပ်ရက်အား သတ်မှတ်ချိန်ထက် စောစီးစွာ စတင်ရန် ညွှန်ကြားထားပြီး တစ်နိုင်ငံလုံးရှိ ကျောင်းဝင်းများကို ထိရောက်စွာ ပိတ်လိုက်ခြင်းဖြစ်သည်။ ဤညွှန်ကြားချက်သည် ကဏ္ဍအသီးသီးတွင် စွမ်းအင်လိုအပ်ချက်ကို လျှော့ချရန်အတွက် အစိုးရအဖွဲ့ခွဲ (Cabinet Division) ၏ ညွှန်ကြား ချက်များအတိုင်း ဆက်လက်ဆောင်ရွက်ခြင်းဖြစ်သည်။
ယခုကဲ့သို့ ယာယီပိတ်ထားခြင်းကြောင့် စာသင်ခန်းများ၊ ဓာတ်ခွဲခန်းများ၊ အဆောင်များနှင့် စီမံခန့်ခွဲရေးအဆောက်အအုံများတွင် လျှပ်စစ်အသုံးပြုမှုကို လျော့ကျစေမည့်အပြင် ကျောင်းသားများ၊ ဆရာများနှင့် ဝန်ထမ်းများ သွားလာရေးအတွက် အသုံးပြုရသည့် စက်သုံးဆီသုံးစွဲမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
“လက်ရှိ ကမ္ဘာလုံးဆိုင်ရာ အခြေအနေကို ထည့်သွင်းစဉ်းစားပြီး လျှပ်စစ်နဲ့ စက်သုံးဆီ သုံးစွဲမှုကို လျှော့ချဖို့ ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်” ဟု ဝန်ကြီးဌာနက တက္ကသိုလ်အာဏာပိုင်များထံ ပေးပို့သော ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်တစ်ဝှမ်းရှိ အင်္ဂလိပ်စာသင်ကျောင်းများနှင့် ကျူရှင်သင်တန်းကျောင်းများကိုလည်း တနင်္လာနေ့မှစတင်၍ ပိတ်ထားရန် ညွှန်ကြားထားသည်။ အထူးသဖြင့် ပညာရေးဌာနများမှ နေ့ခင်းဘက် လျှပ်စစ်ဓာတ်အား အများဆုံးအသုံးပြုနေရသည့် မြို့ပြဒေသများတွင် သင်ကြားရေးလုပ်ငန်းများကို ရပ်နားထားခြင်းဖြင့် နေ့စဉ်စွမ်းအင်လိုအပ်ချက်ကို သိသိသာသာ လျှော့ချနိုင်မည်ဟု အာဏာပိုင်များက ယုံကြည်နေကြသည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ဆက်နွှယ်နေသည့် ကမ္ဘာ့စက်သုံးဆီဈေးကွက် အနှောင့်အယှက်များကြောင့် ရက် ၃၀ စာခန့်သာ အရန်ဆီသိုလှောင်နိုင်သည့် ဘင်္ဂလားဒေ့ရှ်၏ စွမ်းအင်ထောက်ပံ့မှုကွင်းဆက်တွင် ဖိအားများ ကြုံတွေ့နေရချိန်တွင် ယခုကဲ့သို့ အစီအမံများ ထွက်ပေါ်လာခြင်းဖြစ်သည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု တည်ငြိမ်စေရန်နှင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို ဆက်လက်လည်ပတ်နိုင်ရန်အတွက် လျှပ်စစ်နှင့် စက်သုံးဆီ ချွေတာရေးမှာ အလွန်အရေးကြီးကြောင်း တာဝန်ရှိသူများက ဆိုသည်။
ကျောင်းများပိတ်ရုံသာမက သဘာဝအလင်းရောင်ကို အတတ်နိုင်ဆုံး အသုံးချခြင်း၊ မလိုအပ်သော မီးထွန်းခြင်းနှင့် ပါဝါသုံးစွဲမှုများကို လျှော့ချခြင်းအပါအဝင် လျှပ်စစ်ဓာတ်အားကို ပိုမိုထိရောက်စွာ အသုံးပြုရန် အဖွဲ့အစည်းများနှင့် ရုံးများကို တိုက်တွန်းသည့် လမ်းညွှန်ချက်များကိုလည်း အစိုးရက ထုတ်ပြန်ထားသည်။
စွမ်းအင်ကျွမ်းကျင်သူများကမူ အာဏာပိုင်များအနေဖြင့် စက်သုံးဆီ တင်သွင်းမှု တည်ငြိမ်အောင် ဆောင်ရွက်နေစဉ်နှင့် ဖြန့်ဖြူးမှုအပိုင်းကို စီမံခန့်ခွဲနေစဉ်အတွင်း ယခုကဲ့သို့ လိုအပ်ချက်ဘက်မှ ထိန်းချုပ်သည့် ခြေလှမ်းများသည် လျှပ်စစ်ကဏ္ဍအတွက် ကာလတိုသက်သာရာရမှုကို ပေးနိုင်ကြောင်း ပြောဆိုကြသည်။
သို့သော်လည်း စွမ်းအင်အကျပ်အတည်း ဆက်လက်ဖြစ်ပွားနေပြီး ပညာသင်ကြားရေး ကာလများ ကြာရှည်စွာ ပြတ်တောက်နေပါက ကျောင်းသားများအတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းတို့က သတိပေးထားသည်။
ကျောင်းများကို မည်မျှကြာအောင် ပိတ်ထားမည်ကို အာဏာပိုင်များက အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း စွမ်းအင်အခြေအနေ ကောင်းမွန်လာပါက အိဒ် (Eid) အားလပ်ရက်များအပြီးတွင် ပုံမှန်သင်ကြားရေး အစီအစဉ်များကို ပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ရသည်။
Ref : AA
