◾️ ဝန်ထမ်းနှင့်ကျောင်း အကြို/အပို့ယာဉ်၊ စက်ရုံ၊ အလုပ်ရုံ၊ ဌာနဆိုင်ရာယာဉ်များကို စိစစ်ရောင်းချပေးမည်ဖြစ်သလို နေ့စဉ်အသုံးပြုနေသည့် မော်တော်ယာဉ်များ ခိုင်လုံသည့် အထောက်အထားနှင့် ထောက်ခံချက်ပါရှိပါက နေ့စဉ် ရောင်းချပေးမည်
၁၀. ၃. ၂၀၂၆
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီးအတွင်း စုံ/မ ရက်သတ်မှတ်ပြီး စက်သုံးဆီများ ရောင်းချပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းတိုင်းဒေသကြီး ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
နေ့စဉ်အသုံးပြုနေသည့် မော်တော်ယာဉ်များအနေဖြင့် သက်ဆိုင်ရာအလုပ်ဌာနများ၏ ခိုင်လုံသည့် အထောက်အထားနှင့် ထောက်ခံချက်များဖြင့် စက်သုံးဆီများ နေ့စဉ်ရောင်းချပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းတိုင်းဒေသကြီး ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
၂ဝ၂၆ ခုနှစ်၊ မတ်လ ၇ ရက် (နံနက်ပိုင်း)မှစ၍ စက်သုံးဆီအရောင်းဆိုင်များမှ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချသွားမည်ဖြစ်ပြီး လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသော ယာဉ်များ (ဥပမာ- 2A/—- ၊ 4A /—-စသည်ဖြင့်) “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 1A/- ၊ 3A/—စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသို့ စက်သုံးဆီရောင်းချပေးမည်ဖြစ်သည်။
နေ့စဉ် အများပြည်သူ သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ၊ အငှားယာဉ်များ(Taxi)၊ စက်သုံးဆီ သယ်ယူပို့ဆောင်သည့်ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်/ နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်းယာဉ်များသို့ ရောင်းချပေးမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီများ ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ရန်နှင့် သတ်မှတ်ဈေးနှုန်းအတိုင်းသာ ရောင်းချရမည်ဖြစ်ကြောင်း အသိပေးထားသည်။
စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက် ဝန်ထမ်းကြို/ပို့ယာဉ်များ၊ ကုန်စည်ဖြန့်ဖြူးရေးတွင် အသုံးပြုသည့်ယာဉ်များ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက် ရုံးလုပ်ငန်းအသုံးပြုသည့်ယာဉ်များ၊ ကျောင်းအကြို/ အပို့ယာဉ်များကို စိစစ်၍ ရောင်းချပေးမည်ဖြစ်သည်။
ထို့ကြောင့် အရောင်းဆိုင်များမှ ပုံး/ပေပါဖြင့် ရောင်းချခြင်း လုံးဝ(လုံးဝ) ဆောင်ရွက်ခြင်းမပြုရန်နှင့် အခြားလုပ်ငန်းသုံးများသို့ ရောင်းချပေးမည်ဆိုပါက သက်ဆိုင်ရာအလုပ်ဌာနများနှင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ စိစစ်ထောက်ခံချက်ဖြင့်သာ ရောင်းချသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
နေ့စဉ်အသုံးပြုနေသည့် မော်တော်ယာဉ်များအနေဖြင့် သက်ဆိုင်ရာအလုပ်ဌာနများ၏ ခိုင်လုံသည့် အထောက်အထားနှင့် ထောက်ခံချက်များပါရှိရမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။
