သက်တံ့
၁၀. ၃. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်မှ ကျောင်းဆရာတစ်ဦး ကျီစယ်နောက်ပြောင်ရာမှ မတော်တဆဖြစ်ပွားကာ သေဆုံးခဲ့ရသည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ ကျောင်းသားလူငယ်များကို အမှုဖွင့်အရေးယူခြင်း မပြုလုပ်ရန် သေဆုံးသူ၏ ဇနီးဖြစ်သူက ပြောကြားလိုက်သည်။
ဖြစ်စဥ်မှာ ဂျော်ဂျီယာပြည်နယ်၊ Gainesville မြို့ရှိ North Hall အထက်တန်းကျောင်းမှ သင်္ချာဆရာနှင့် ဂေါက်သီးရိုက်နည်းပြဖြစ်သူ Jason Hughes သည် ပြီးခဲ့သည့် မတ်လ ၆ ရက်က ၎င်း၏နေအိမ်ပြင်ပ၌ ကျောင်းသားများ၏ နောက်ပြောင်မှုကို လိုက်လံတုံ့ပြန် စနောက်ရန်ကြိုးစားရာမှ ခလုတ်တိုက်လဲကျကာ ကျောင်းသားမောင်းနှင်သည့် ပစ်ကပ်ကားအောက်သို့ ရောက်ရှိပြီး သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု Hall County ရဲအရာရှိရုံးက ထုတ်ပြန်ခဲ့သည်။

အခင်းဖြစ်ပွားချိန်တွင် ဆရာ Hughes သည် ၎င်း၏ နေအိမ်ခြံဝင်းအတွင်းရှိ သစ်ပင်များကို ကျောင်းသားတစ်စုက တစ်ရှူးလိပ်များဖြင့် ပတ်ကာ (Rolling) နောက်ပြောင်နေသည်ကို သတိပြုမိသဖြင့် အပြင်သို့ ထွက်လာခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ ထို့နောက် ကားနှစ်စီးဖြင့် လာရောက်စနောက်သည့် ကျောင်းသားများကို ပျော်ရွှင်စွာဖမ်းဆီးရန် ကြိုးပမ်းရာမှ လမ်းပေါ်သို့ ခလုတ်တိုက်လဲကျသွားခဲ့ချိန် ကားပေါ်တက်ကာ မောင်းပြေးသည့်ကျောင်းသားက မမြင်ဘဲ မောင်းထွက်လိုက်မိရာမှ ကားဘီးဖြင့် ကြိတ်မိခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကားဖြင့် ကြိတ်မိပြီးနောက် ကျောင်းသားများသည် ကားကိုချက်ချင်းရပ်ကာ ဆရာ Hughes အား ရှေးဦးသူနာပြုစုမှုများ ပြုလုပ်ပေးခဲ့ကြသော်လည်း ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်။ သေဆုံးချိန်တွင် ဆရာ Hughes သည် အသက် ၄၀ အရွယ်ရှိပြီဖြစ်သည်။
ထိုဖြစ်စဥ်အတွက် ယာဉ်မောင်းဖြစ်သူ အသက် ၁၈ နှစ်အရွယ် ကျောင်းသား Jayden Ryan Wallace ကို အခင်းဖြစ်နေရာ၌ပင် ဖမ်းဆီးခဲ့ပြီး ပေါ့ဆစွာ မောင်းနှင်မှုကြောင့် လူသေမှု၊ ပုဂ္ဂလိကပိုင်နက်အတွင်း ကျူးကျော်မှုနှင့် အမှိုက်ပစ်မှုတို့ဖြင့် တရားစွဲဆိုထားသည်။ ထို့ပြင် အသက် ၁၈ နှစ်အရွယ် အခြားကျောင်းသားလေးဦးဖြစ်သည့် Elijah Tate Owens၊ Aiden Hucks၊ Ana Katherine Luque နှင့် Ariana Cruz တို့ကိုလည်း ပိုင်နက်ကျူးကျော်မှု၊ အမှိုက်ပစ်မှုတို့ဖြင့် အမှုဖွင့်ထားသည်။
သို့သော်လည်း ဆရာ Hughes ၏ ဇနီးဖြစ်သူ Laura Hughes က ၎င်းတို့မိသားစုအနေဖြင့် ယခုဖြစ်စဉ်တွင် ပါဝင်သည့် ကျောင်းသားများကို အမှုဖွင့်အရေးယူရန် ဆန္ဒမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ Laura ၏ အဆိုအရ ၎င်း၏ခင်ပွန်းသည် ကျောင်းသားများနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်ပြီး ထိုနေ့ကလည်း ကျောင်းသားများ၏ နောက်ပြောင်မှုကို စိတ်ဆိုးခြင်းမရှိဘဲ ၎င်းတို့ကို ဖမ်းမိရန်အတွက် စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့ခြင်းသာဖြစ်သည်ဟု The New York Times သို့ ပြောကြားခဲ့သည်။


“ဒါဟာ တကယ့်ကို ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်ဆိုးတစ်ခုပါ။ ဒါပေမဲ့ ဒီအဖြစ်ဆိုးကြောင့် ကျောင်းသားတွေရဲ့ ဘဝတွေ ပျက်စီးသွားရမယ့် နောက်ထပ်အဖြစ်ဆိုးမျိုး ထပ်မဖြစ်အောင် ကျွန်မတို့ မိသားစုက ဆုံးဖြတ်ထားပါတယ်” ဟု Laura က ဆိုသလို “သူတို့ကို အရေးယူတာဟာ ကလေးတွေရဲ့ ဘဝအတွက် မြှုပ်နှံပေးခဲ့တဲ့ Jason ရဲ့ တစ်သက်တာ စိတ်ရင်းစေတနာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါလိမ့်မယ်။”ဟု ဆက်လက်ပြောသည်။
ဆရာ Hughes နှင့် Laura တို့တွင် သားနှစ်ဦးရှိပြီး မိသားစုကို ကူညီရန် GoFundMe စာမျက်နှာတွင် ရန်ပုံငွေကောက်ခံမှုများ ပြုလုပ်နေကြောင်း သိရသည်။
Hall County ကျောင်းများ၏ ကြီးကြပ်ရေးမှူး Will Schofield က ဆရာ Hughes အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို တနင်္လာနေ့ နံနက်ပိုင်းတွင် ကျောင်းသားများက ကျင်းပခဲ့ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အားလုံး နှလုံးကြေကွဲရပါတယ်။ Jason ဟာ ချစ်စဖွယ်ကောင်းတဲ့ ခင်ပွန်းတစ်ယောက်၊ တာဝန်ကျေတဲ့ ဖခင်တစ်ယောက်ဖြစ်သလို ကျောင်းသားတွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေရဲ့ ချစ်ခင်လေးစားမှုကို ခံရတဲ့ စိတ်အားထက်သန်တဲ့ ဆရာတစ်ဦးလည်း ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ကျောင်းသားများနှင့် ရပ်ကွက်အတွင်းရှိသူများ စိတ်ပိုင်းဆိုင်ရာ ကုစားနိုင်ရန်အတွက် နယ်လှည့်နှစ်သိမ့်ဆွေးနွေးရေးအဖွဲ့များကိုလည်း စီစဉ်ပေးထားကြောင်း သိရသည်။
ထူးခြားသည်မှာ အဆိုပါဖြစ်စဉ် မဖြစ်ပွားမီ တစ်ရက်အလိုတွင် ခရိုင်ပညာရေးတာဝန်ရှိသူများက နှစ်စဉ်ပြုလုပ်လေ့ရှိသော “Junior/Senior Wars” ဟုခေါ်သည့် ကျောင်းနောက်ပြောင်ပွဲများတွင် ပါဝင်ခြင်းမပြုရန် မိဘများနှင့် ကျောင်းသားများကို သတိပေးချက် ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။ အဆိုပါ သတိပေးချက်တွင် အများပြည်သူနှင့် ပုဂ္ဂလိကပိုင် ပစ္စည်းများကို ဖျက်ဆီးပါက ရာဇဝတ်မှုဖြင့် အရေးယူခံရနိုင်ကြောင်းနှင့် ကျောင်းဆင်းပွဲ အခမ်းအနားများတွင် ပါဝင်ခွင့် ဆုံးရှုံးနိုင်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ကျောင်းသားများအပေါ် စွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍ ခရိုင်ရှေ့နေ Lee Darragh ကမူ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
Ref: NBC News, Fox 5 Atlanta & WGN TV
