◾️ သောင်ရင်းမြစ်ဘေးရှိ ကုန်စည်ပို့ဆောင်ရေးဂိတ်တစ်ခုမှ ကုမ္ပဏီကတစ်ဆင့် မြန်မာဘက်ခြမ်းရှိ ကျားဖြန့်စခန်းများသို့ အင်တာနက်လိုင်းများ ခိုးယူပေးပို့နေခြင်းဖြစ်
သတိုး
၆. ၃. ၂၀၂၆
ထိုင်းနိုင်ငံသားများအပါအဝင် ကမ္ဘာ့ပြည်သူများကို ပစ်မှတ်ထားသည့် အွန်လိုင်းလိမ်လည်မှုကျားဖြန့် (Call Centre Scam) လုပ်ငန်းများကို အားပေးကူညီရန်အတွက် နယ်စပ်ဖြတ်ကျော်ကာ တရားမဝင် အင်တာနက်လိုင်းများ ပို့လွှတ်နေသည့် ကုမ္ပဏီတစ်ခုကို ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၊ မဲဆောက်မြို့ရှိ မြန်မာနယ်စပ်အနီးတွင် ဆိုင်ဘာရာဇဝတ်မှုနှိမ်နင်းရေး အရာရှိများနှင့် ဆက်သွယ်ရေးဆိုင်ရာ ထိန်းညှိကွပ်ကဲရေးအဖွဲ့များက ဝင်ရောက်စီးနင်း ပိတ်သိမ်းလိုက်သည်။
ဖြစ်စဉ်မှာ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) အောက်ရှိ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဌာန (ACSC)၊ အမျိုးသား ရုပ်သံထုတ်လွှင့်ရေးနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) နှင့် True Corporation တို့မှ တာဝန်ရှိသူများသည် တရားရုံး၏ ရှာဖွေဝရမ်းဖြင့် သောင်ရင်းမြစ်ဘေးရှိ ကုန်စည်ပို့ဆောင်ရေးဂိတ်တစ်ခုတွင် တည်ရှိသော အဆိုပါကုမ္ပဏီကို မနေ့က ဝင်ရောက်ရှာဖွေပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။
True Corp မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ၎င်းတို့၏ ကွန်ရက်စောင့်ကြည့်ရေးနှင့် အချက်အလက် စစ်ဆေးမှုစနစ်များတွင် အဆိုပါနေရာရှိ အင်တာနက်အသုံးပြုသူ နှစ်ဦးထံမှ အင်တာနက်အသုံးပြုမှုနှုန်းမှာ ရုတ်တရက် အဆမတန် မြင့်တက်လာသည်ကို တွေ့ရှိခဲ့သဖြင့် စတင်စုံစမ်းခဲ့ခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၅ ရက်အတွင်း ကွန်ရက်အသုံးပြုမှုမှာ သိသိသာသာ မြင့်တက်ခဲ့ပြီး ၂၄ နာရီပတ်လုံး ဆက်တိုက်အသုံးပြုနေသည်ကို တွေ့ရသည်။ ယင်းမှာ ပုံမှန်ရုံးလုပ်ငန်းများ၏ အသုံးပြုမှုပုံစံမျိုး မဟုတ်ဘဲ ထူးခြားနေခြင်း ဖြစ်သည်။
ထို့ကြောင့် True Corp က NBTC နှင့် ACSC တို့အား သတင်းပေးပို့ခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာမှတစ်ဆင့် မနေ့က အဆိုပါနေရာကို ကွင်းဆင်းရှာဖွေမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ရှာဖွေမှုအတွင်း တရားမဝင် တပ်ဆင်ထားပြီး ပြုပြင်မွမ်းမံထားသည့် စက်ကိရိယာများကို အသုံးပြု၍ အင်တာနက်လိုင်းများကို နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံအတွင်းသို့ ပေးပို့နေသည်ကို တွေ့ရှိခဲ့ရကြောင်း ACSC မှ စုံစမ်းစစ်ဆေးရေးမှူး Pol Lt-Col Trin Leewlanuch က ပြောကြားခဲ့သည်။ True Corporation အနေဖြင့်လည်း အဆိုပါ ကွန်ရက်လိုင်းများကို ချက်ချင်း ဖြတ်တောက်လိုက်ပြီ ဖြစ်သည်။
လက်ရှိတွင် ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူများကို စစ်ဆေးမေးမြန်းရန်အတွက် လိုက်လံရှာဖွေနေသည်။
မြန်မာနိုင်ငံ၊ မြဝတီခရိုင်အတွင်းရှိ တရုတ်လူမျိုးများ ဦးစီးလုပ်ကိုင်နေသည့် ကျားဖြန့်ဂိုဏ်း အများအပြားသည် ထိုင်းနိုင်ငံနှင့် အခြားနေရာများမှ လူများကို လိမ်လည်ရန် အဆိုပါဝန်ဆောင်မှုများကို အသုံးပြုနေကြောင်း တွေ့ရှိရသဖြင့် ပြီးခဲ့သည့်နှစ်တွင် ထိုင်းအစိုးရက မြဝတီသို့ ပေးပို့နေသော အင်တာနက်နှင့် မိုဘိုင်းဖုန်းဝန်ဆောင်မှုများကို ဆိုင်းငံ့ရန် အမိန့်ထုတ်ပြန်ခဲ့ဖူးသည်။
မြဝတီရှိ KK Park နှင့် ရွှေကုက္ကိုလ် ကျားဖြန့်အခြေစိုက်စခန်း အများအပြားကို တပ်မတော်က ဝင်ရောက်စီးနင်း ဖြိုခွဲခဲ့ပြီးနောက် သံသယရှိသူ လိမ်လည်သူအများအပြားမှာ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။
Ref : Thai PBS World
