သက်တံ့
၆. ၃. ၂၀၂၆
တရုတ်နိုင်ငံ၊ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသတွင် ဆယ်စုနှစ် ၇ ခုအတွင်း အသေအပျောက် အများဆုံးဖြစ်ခဲ့သည့် မီးလောင်မှုကြီးကို ငြှိမ်းသတ်ရင်း ကျဆုံးသွားခဲ့သည့် မီးသတ်သမား ဟိုဝေဟို၏ ရဲစွမ်းသတ္တိနှင့် ကိုယ်ကျိုးမဖက် စွန့်လွှတ်စွန့်စားမှုကို အသိအမှတ်ပြုသောအားဖြင့် ၎င်း၏မိသားစုသည် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့အဖြစ် ဟောင်ကောင်ဒေါ်လာ ၆ ဒသမ ၁၅ သန်း (အမေရိကန်ဒေါ်လာ ၈၃၁,၂၅၀ ခန့်) ရရှိမည်ဖြစ်သည်။
ဟောင်ကောင်၊ တိုင်ပိုခရိုင်ရှိ ဝမ်ဖုကောက် (Wang Fuk Court) လူနေအဆောက်အအုံ မီးလောင်မှုဖြစ်စဉ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်အတွင်း ကျဆုံးခဲ့သည့် ဟိုဝေဟို (Ho Wai-ho) ၏ ရဲစွမ်းသတ္တိကို ဂုဏ်ပြုသောအားဖြင့် အစိုးရက ထောက်ပံ့ကြေး ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အခြားသူများကို ကယ်တင်ရင်း အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုများကို ဘဏ္ဍာရေးအရ ကူညီပံ့ပိုးပေးသည့် အဖွဲ့အစည်းမှ အတည်ပြုလိုက်သော အဆိုပါ ထောက်ပံ့ကြေးကို အစိုးရက သောကြာနေ့ (မတ် ၆ ရက်) တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကော်မတီ၏ ဥက္ကဋ္ဌလည်းဖြစ်သူ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီး ခရစ်ဆန် ယွတ်ခ်ဟတ် (Chris Sun Yuk-han) က ဟိုဝေဟို၏ ရဲစွမ်းသတ္တိအပေါ် “မစ္စတာဟိုဟာ အခြားသူတွေရဲ့ အသက်အိုးအိမ်ကို ကယ်တင်စောင့်ရှောက်ဖို့အတွက် ထူးကဲတဲ့ ရဲစွမ်းသတ္တိနဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်ကို ပြသခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး လေးစားမှုကို ရရှိစေပါတယ်။ အခုလို ထူးချွန်ပြီး တာဝန်သိတဲ့ ပြည်သူ့ဝန်ထမ်းတစ်ဦး ဆုံးရှုံးသွားရတာကို ကျွန်တော်တို့ အလေးအနက် ဝမ်းနည်းကြေကွဲရပါတယ်” ဟု ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
“ဒီထောက်ပံ့ကြေးဟာ ကွယ်လွန်သူ မစ္စတာဟိုရဲ့ မြင့်မြတ်တဲ့ သတ္တိနဲ့ ကိုယ်ကျိုးမဖက်တဲ့ စိတ်ဓာတ်ကို အစိုးရက အသိအမှတ်ပြုကြောင်း ပြသတာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ဟိုဝေဟိုသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က ဟောင်ကောင်၊ တိုင်ပိုခရိုင်ရှိ ဝမ်ဖုကောက်အိမ်ရာ မီးလောင်မှုတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေစဉ်အတွင်း ကျဆုံးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မီးလောင်မှုကြီးအတွင်း လူပေါင်း ၁၆၈ ဦး သေဆုံးခဲ့ပြီး ၅,၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
ဟိုဝေဟို၏ မိသားစုအား ယခုကဲ့သို့ ထောက်ပံ့မှု မပြုလုပ်မီ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ဘဏ်လုပ်ငန်းကဏ္ဍမှနေ၍ မီးလောင်မှုဒဏ် ခံခဲ့ရသည့် ဒေသခံများအတွက် ကူညီကယ်ဆယ်ရေး အစီအစဉ်သစ်များကို စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။
Ref : SCMP
