၆.၃.၂၀၂၆
Written by Linn Eain
အမျိုးသမီးများအပေါ် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများဖြစ်သော တန်းတူညီမျှမှုရှိစေရန်နှင့် ခွဲခြားဆက်ဆံမှုမရှိစေရန် (Equality and Non-discrimination)ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ် မတ် ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ကြိုဆိုသည့်အနေဖြင့် အမျိုးသမီးအခွင့်အရေးများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး (ရန်ကုန်)တွင် မတ် ၅ ရက်က ကျင်းပခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က “လူ့အခွင့်အရေးဆိုသည်မှာ လူသားအားလုံးရရှိအပ်သည့် မွေးရာပါအခွင့်အရေးများဖြစ်ပြီး အမျိုးသမီးများအပေါ် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများဖြစ်သော တန်းတူညီမျှမှုရှိစေရန်နှင့် ခွဲခြားဆက်ဆံမှုမရှိစေရန် (Equality and Non-discrimination)ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် အမျိုးသမီးအခွင့်အရေးများကို ဆောင်ရွက်လျက်ရှိသလို အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကလည်း အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ အခွင့်အရေးများ မြှင့်တင်ကာကွယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း” အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်လာသူများသည် “အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း – NSPAW ” တွင် ပါဝင်သည့် အမျိုးသမီးများနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အလုပ်ရုံဆွေးနွေးမှုမှ ထွက်ပေါ်လာမည့်အကြံပြုချက်များသည် NSPAW မဟာဗျူဟာစီမံကိန်းပန်းတိုင် အကောင်အထည်ဖော်ရာတွင် အထောက်အကူ ဖြစ်စေမည့်အတွက် ဆွေးနွေးပွဲတက်ရောက်လာသူများအနေဖြင့် NSPAW စီမံကိန်းပါ အမျိုးသမီးများနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းများကို တက်ကြွစွာပါဝင်ဆွေးနွေးကြရန် အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အမျိုးသမီးများနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်က အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ပဏာမရှင်းလင်းဆွေးနွေးပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က လူ့အခွင့်အရေး အခြေခံအယူအဆနှင့် အမျိုးသမီးအခွင့်အရေးများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ အမျိုးသမီးများနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီအတွင်းရေးမှူးကော်မရှင်ရုံး ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့က အမျိုးသမီးများနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ (၂၀၂၃ – ၂၀၃၂) ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ် (၁၂) ရပ်နှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုချင်းအပေါ် ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သည် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း NSPAW Phase II (၂၀၂၃-၂၀၃၂)ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
