၆.၃.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ မင်နယ်ပိုလီးစ်ပြည်နယ်မှာ ဆန္ဒပြသူနှစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရမှုအပါအဝင် လူဝင်မှု ကြီးကြပ်ရေး အမိန့်ဥပဒေတွေအပေါ် ကွန်ဂရက်မှာပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတဲ့ အမိမြေလုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ခရစ်စတီ နိုအမ်နေရာမှာ အစားထိုးခန့်ထားမှုတစ်ရပ်လုပ်သွားမယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ်ထရမ့်ပ်က မတ်လ ၅ ရက်က ကြေညာခဲ့ပါတယ်။ နိုအမ်အနေနဲ့ မတ်လကုန်မှာ လက်ရှိရာထူးကို စွန့်လွှတ်ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။
ထရမ့်ပ်က သူ့ရဲ့လူမှုမီဒီယာဝက်ဘ်ဆိုက်မှာ အိုကလာဟိုးမားပြည်နယ်မှ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မာ့ခ်ဝိန်းမူလင်ကို ဝန်ကြီးရာထူးတာဝန်လွှဲပြောင်းရယူဖို့ အမည်တင်သွင်းမယ်လို့ ပြောခဲ့ပါတယ်။ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန်အမတ်အချို့က ကွန်ဂရက်အဆောက်အအုံမှာ နိုအမ်ကို စတင်စစ်ဆေးမှုပြုနေပြီး နှစ်ရက်အကြာမှာ ထရမ့်ပ်က ခုလိုပြောခဲ့တာပါ။
နိုအမ်က အနောက်ခြမ်းဒေသကို အာရုံစိုက်မယ်လို့ ထရမ့်ပ်က ပြောကြားခဲ့တဲ့ လုံခြုံရေးအစီအစဉ် အသစ်တစ်ခုဖြစ်တဲ့ Shield of the Americas အတွက် အထူးသံတမန်တစ်ဦး ဖြစ်လာမယ်လို့ သိရပါတယ်။
တောင်ဒါကိုတာပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း နိုအမ်ဟာ ထရမ့်ပ်ရဲ့ သမ္မတဒုတိယ သက်တမ်းအတွင်းမှာ တာဝန်ကနေ ပထမဆုံး စတင်နုတ်ထွက်ခဲ့ရတဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးလည်း ဖြစ်လာပါတယ်။ မင်နယ်ပိုလီးစ်မှာ လူဝင်မှုကြီးကြပ်ရေးအေးဂျင့်များက ပစ်ခတ်သတ်ဖြတ်ခံရတဲ့ ဆန္ဒပြသူနှစ်ဦးကို နိုအမ်က သက်သေအထောက်အထားမရှိဘဲ ပြည်တွင်းအကြမ်းဖက်မှုလို့ ခေါ်ဆိုပြီးနောက် ပြီးခဲ့သည့်နှစ်မှစ၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အေဂျင်စီအတွင်း ထိုသတ်ဖြတ်မှုများကြောင့် ပိုမိုတာဝန်ခံမှုရှိဖို့တောင်းဆိုမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးအေးဂျင့်တွေက ကျင့်သုံးတဲ့ နည်းဗျူဟာတွေကို ဘယ်လိုထိန်းချုပ်မယ်ဆိုတာလည်း သဘောထားကွဲလွဲမှုဖြစ်ခဲ့ရပြီး အေဂျင်စီရဲ့ ရန်ပုံငွေနဲ့ပတ်သက်လို့ ရက်သတ္တပတ်များစွာ ကြာ ထိပ်တိုက်ရင်ဆိုင်မှုတစ်ခု ဖြစ်ခဲ့ရပါတယ်။
ထရမ့်ပ်က လူမှုမီဒီယာမှာ ခုလို ရာထူးနေရာ အပြောင်းအလဲကို ကြေညာချိန်မှာ နိုအမ်က နက်ရှ်ဗီးလီးမှာကျင်းပနေတဲ့ ညီလာခံတစ်ခုမှာ မိန့်ခွန်းပြောကြားနေတာပါ။ သူမက ဒေသခံဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေမှ မေးခွန်းတွေကို ဖြေကြားခဲ့ပြီး သူမရဲ့ ရာထူးမှထွက်ခွာမှု နီးကပ်လာတော့မည်ကို သိရှိတယ်ဆိုတာ အရိပ်အမြွက်မှ မပြောခဲ့ပါ။
ညီလာခံပြီးဆုံးပြီးနောက်နှာတော့ နိုအမ်က သူမကို အထူးသံတမန်ခန့်အပ်မှုအတွက် ထရမ့်ပ်ကို ကျေးဇူးတင်တယ်လို့ X လူမှုကွန်ရက်မှာ ပြောကြားခဲ့ပြီး မူးယစ်ဆေးဝါးတွေ အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်လာခြင်းကို တားဆီးဖို့ လုပ်ဆောင်ခွင့်ရမယ့် သံတမန်ရာထူးတစ်ခုလို့ပြောခဲ့ပါတယ်။
ဝန်ကြီးနေရာအတွက် အဆိုပြုခံရမယ်ဆိုတဲ့ မူလင်ကတော့”ဒီအခွင့်အရေးအတွက် ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါတယ်။ လုံးဝအံ့သြစရာတော့ မဟုတ်ပေမယ့် နည်းနည်းတော့ အံ့သြစရာပါပဲ” လို့ ကွန်ဂရက်အဆောက်အအုံအပြင်ဘက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ပိုက်ပြင်ကုမ္ပဏီပိုင်ရှင်ဟောင်းနဲ့ ရောနှောကိုယ်ခံပညာ တိုက်ခိုက်ရေးသမားဟောင်း မူလင်ဟာ ၂၀၁၃ ခုနှစ်မှစ၍ ကွန်ဂရက်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူက ချီရိုကီးလူမျိုးစုရဲ့ စာရင်းသွင်းထားတဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အထက်လွှတ်တော်မှာ တာဝန်ထမ်းဆောင်တဲ့ ပထမဆုံးသော လူမျိုးစုနိုင်ငံသားတွေထဲမှ တစ်ဦးလည်းဖြစ်ပါတယ်။
မူလင်ကိုရာထူးတာဝန်ပေးဖို့ အထက်လွှတ်တော်မှ အတည်ပြုချက် လိုအပ်မှာဖြစ်ပေမယ့် ပြည်ထောင်စု ဥပဒေအရ သူ့ကို အမည်စာရင်းတင်သွင်းမှုကို ဆိုင်းငံ့စောင့်ဆိုင်းထားခိုက်မှာ ယာယီအမိမြေလုံခြုံရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရှိပါတယ်။
Ref- Los Angeles Times
