၆.၃.၂၀၂၆
Written by Thiri
ကေတီဗွီမှာ ရမ်းကားလို့ဆိုကာ မန်နေဂျာက သံတုတ်နဲ့ ရိုက်လို့ သေဆုံးခဲ့ရတဲ့ လူရွယ်ရဲ့အမှုကို လက်ရှိအချိန်အထိ အမှုဖွင့်လှစ်ဆောင်ရွက်ခွင့် မရရှိသေးကြောင်း ဖြစ်စဉ်ဖြစ်ပွားတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျောက်ချောင်းကျေးရွာ ဒေသခံတချို့ထံကနေ သိရပါတယ်။
ဖြစ်စဉ်က မတ်လ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီ မိနစ် ၃၀ အချိန်ခန့်က ဟိုင်းကြီးကျွန်းမြို့၊ ကျောက်ချောင်းကျေးရွာ၊ သံကြိုးလမ်းရှိ KPO KTV မှာ လာရောက်သီချင်းဆိုသူ ခမောက်မှော်ကျေးရွာနေ မောင်ဘိုဘို အသက် ၃၀ ဝန်းကျင်ဆိုသူက သူငယ်ချင်းတွေနဲ့အတူ KPO KTV မှာ သီချင်းဆိုနေရင်း KTV တံခါးကို ကန်မိရာကနေ ဝိတ်တာတစ်ဦးကို သွားထိပြီး အချင်းချင်း စကားများ ထိုးကြိတ်ကြတယ်လို့ သိရပါတယ်။
အဲဒီနောက် ဆိုင်မှပြန်အထွက် ခြံပေါက်ဝနားမှာ ဆိုင်မန်နေဂျာက သံတုတ်နဲ့ နောက်ကနေ ဦးခေါင်းကို ရိုက်နှက်ခဲ့တာကြာင့် မောင်ဘိုဘို လဲကျသွားတယ်လို့ သိရပါတယ်။ KPO KTV ရဲ့ ပိုင်ရှင်ဆိုသူကလည်း ရိုက်နှက်ခံရသူကို ဆေးရုံမပို့ဘဲ ဘာမှမဖြစ်သလို ထားလိုက်တာကြာင့် သွေးထွက်လွန်ကာ သေဆုံးသွားရတာလို့ အဆိုပါဖြစ်စဉ်ကို သိရှိသူ ဒေသခံက ဆိုပါတယ်။
အဲဒီနောက် KPO KTV ပိုင်ရှင်ဆိုသူက ၎င်းဆိုင်မန်နေဂျာကို ထွက်ပြေးရှောင်တိမ်းခိုင်းကြောင်းသိရှိရကာ သေဆုံးသူဟာ ခမောက်မှော်ကျေးရွာသားဖြစ်တဲ့အတွက် ကျေးရွာမှလူငယ်တွေက မန်နေဂျာကို ရှာဖွေပေးဖို့ တောင်းဆိုနေကြောင်းနဲ့ အမှုကို လက်ရှိအချိန်ထိ တာဝန်ရှိသူတွေဆီ တိုင်ကြားချက် ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်းလည်း ဒေသခံတချို့ရဲ့ ပြောပြချက်အရ သိရှိရပါတယ်။
ဒီဖြစ်စဥ်အပေါ် စွပ်စွဲခံရသူတွေဆီ ဆက်သွယ်စုံစမ်းအတည်ပြုနေသလို အမှုဖြစ်စဥ် စိစစ်ဆောင်ရွက်မှုအပေါ်လည်း တာဝန်ရှိသူတွေထံ ဆက်လက်မေးမြန်းနေပြီး တုံ့ပြန်လာရင် ထပ်မံဖော်ပြပေးပါမယ်။
