သက်တံ့
၆. ၃. ၂၀၂၆
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဆေးကုသခွင့်လိုင်စင် မရှိဘဲ မျက်နှာအလှအပရေးရာ ဆေးကုသမှုများ ပြုလုပ်ခဲ့သည်ဟူသော သံသယဖြင့် မြန်မာနိုင်ငံသား နှစ်ဦးကို တိုကျိုရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု ဂျပန်သတင်းမီဒီယာများက မတ်လ ၅ ရက်တွင် သတင်းဖော်ပြသည်။
တိုကျိုမြို့ပြရဲဌာန (Tokyo Metropolitan Police Department) ၏ သံသယရှိချက်အရ အဆိုပါအမျိုးသားများသည် ၂၀၂၅ ခုနှစ်၊ မေလမှ ယခုနှစ် ဖေဖော်ဝါရီလအထိ မြို့တော်အတွင်းရှိ နေအိမ်တစ်လုံးနှင့် အဆောက်အအုံတစ်ခုတို့တွင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ အက်ဥပဒေ (Medical Practitioners Act) ကို ချိုးဖောက်ကာ လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု ဖော်ပြသည်။
ဖမ်းဆီးခံရသူများမှာ အသက် ၄၁ နှစ်အရွယ် ကြည်ချမ်းကို (Kyi Chan Ko) နှင့် အသက် ၃၀ အရွယ် စိုးဝင်းနိုင် (Soe Win Naing) တို့ ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးသည် တိုကျိုမြို့တွင် နေထိုင်သူများဖြစ်ပြီး၊ အသက် ၃၀ ကျော်အရွယ်ရှိ မြန်မာအမျိုးသမီး ၃ ဦးကို မျက်တောင်နှစ်ထပ် ဖြစ်စေရန်အတွက် မျက်ခွံများ လှီးဖြတ်ခွဲစိတ်ပေးခဲ့မှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ထို့အပြင် လူနာများကို ဆေးထိုးပေးမှုများလည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ အမျိုးသမီးများသည် ခွဲစိတ်မှုပြုလုပ်ပြီးနောက် မျက်စိဖွင့်ရန် ခက်ခဲသည့် ပြဿနာများ ကြုံတွေ့နေရသဖြင့် ပြီးခဲ့သည့်နှစ် ဇွန်လတွင် တိုကျိုရဲတပ်ဖွဲ့ထံ ဆက်သွယ်တိုင်ကြားခဲ့ကြသည်။ သံသယရှိသူများသည် ဆိုရှယ်မီဒီယာအကောင့်များမှတစ်ဆင့် ကြော်ငြာကာ ဖောက်သည်များကို ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆရသည်။ ရဲတပ်ဖွဲ့ထံ ပြောကြားချက်အရ ထိုအမျိုးသမီး ၃ ဦးသည် ခွဲစိတ်ခအဖြစ် အမေရိကန်ဒေါ်လာ ၇၆၀ မှ ၁,၂၀၀ ခန့်အထိ ပေးချေခဲ့ရသည်။ လက်ရှိတွင် ၎င်းတို့၏ မျက်လုံးအောက်၌ အနီရောင်ရင့်ရင့် အမာရွတ်များ ကျန်ရှိနေခြင်းနှင့် အခြားပြဿနာများကြောင့် ထိုသို့ ခွဲစိတ်ခဲ့မိသည်ကို နောင်တရနေကြကြောင်း ပြောဆိုခဲ့ကြသည်။
ရဲတပ်ဖွဲ့က အဆိုပါ ခွဲစိတ်မှုများတွင် အခြားသူများလည်း ကူညီပေးခဲ့နိုင်သည်ဟု ယူဆထားပြီး သံသယရှိသူများသည် အခြားဖောက်သည်များကိုလည်း တရားမဝင် ခွဲစိတ်မှုများ ပြုလုပ်ပေးခဲ့ဖွယ်ရှိသည်ဟု သံသယရှိနေသည်။
သို့သော် ဖမ်းဆီးခံထားရသူ စိုးဝင်းနိုင်ကမူ ၎င်းအနေဖြင့် ခွဲစိတ်မှုများတွင် ကူညီပေးခဲ့ရုံသာဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများကို ထွက်ဆိုခဲ့သည်။ ခွဲစိတ်မှုများကို ကိုယ်တိုင်ပြုလုပ်ခဲ့သူဟု သံသယရှိခံရသူ ကြည်ချမ်းကိုကမူ စွပ်စွဲချက်များကို ငြင်းဆိုထားပြီး ၎င်းအနေဖြင့် မည်သည့် ဆေးကုသမှု လုပ်ငန်းမျိုးကိုမျှ မလုပ်ဆောင်ခဲ့ဖူးကြောင်း ပြောဆိုထားသည်။
မြန်မာလူမှုကွန်ရက်တွင် ပျံ့နှံ့နေသော သတင်းဓာတ်ပုံများအရ ဖမ်းဆီးခံရသူ ကြည်ချမ်းကိုသည် ခွဲစိတ်ကုဆရာဝန်တစ်ဦးဖြစ်ပြီး ယင်း၏ လူမှုကွန်ရက်တွင်လည်း မျက်နှာခွဲစိတ်ကုသမှုဆိုင်ရာပို့စ်များ မျှဝေထားသည်ကို တွေ့ရှိရသလို မိတ်ဆွေဆရာဝန်အချို့ကလည်း ဖမ်းဆီးခံရမှုအပေါ် စိတ်မကောင်းကြောင်း ရေးသားနေသည်ကို တွေ့ရှိရသည်။
Ref : NHK
