၆.၃.၂၀၂၆
Written By Thandar
FG Series Production မှ စီစဉ်ရိုက်ကူးမယ့် ၂၀၀၂ ခုနှစ်က ဆရာမကြီး မစန္ဒာရဲ့ အမျိုးသားစာပေဆုရ “ဆဋ္ဌဂံ” ဝတ္ထုကို ဇာတ်လမ်းတွဲအဖြစ် သရုပ်ဆောင် ၁၀၀ ကျော်နဲ့ ပြန်လည်ပုံဖော်ရိုက်မယ့် ဇာတ်ကားကန်တော့ပွဲပေးပွဲကို ယနေ့ မတ်လ ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားအောင်မြေမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားက မြတ်သူတို့ FG Series Production စီစဉ်ရိုက်ကူးတဲ့ကာလေးပါ။ တစ်ချိန်က နာမည်ကြီး အနုပညာရှင်တွေလည်း ပုံဖော်ခဲ့ကြတယ်။ ဒီကားမှာဆိုရင် သရုပ်ဆောင် ၁၀၀ ကျော်တောင်ပါပါတယ်။ မြတ်သူကလည်း စိန်ရွှေမြဆိုတဲ့ ကာရိုက်တာကနေ ပါဝင်သရုပ်ဆောင်မှာပါ။ ဒီကားမှာက ကိုယ်ကဒုက္ခတောထဲမှာပဲ ပျော်နေတဲ့သူပေါ့။ တစ်ခါတလေကြရင် လူတွေက သားသမီးတွေအများကြီးရှိတဲ့အခါမျိုးမှာ ဒီကလေးတွေက အပူတွေပြောတာ။ အဲ့ဒုက္ခတောမှာ ပျော်နေတဲ့သူနေရာကပါဝင်ထားပါတယ်။ ဗိုက်ကြီးသည် ခြောက်ဦးရဲ့ မတူညီတဲ့ ဘဝတွေပါပါတယ်။ ပရိသတ်အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးပါ”လို့ သရုပ်ဆောင် မြတ်သူသူက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း အေးကြည်သာဟန်၊ ကျော်ကျော်ထွန်း၊ သန္တာဝေတို့က ရေးသားပြီး ဒါရိုက်တာ ပြည်သစ်နိုင်က ရိုက်ကူးကာ သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်ဇော်၊ ရှင်မွေလ၊ မင်းဦး၊ ဘုန်းရှိန်ခန့်၊ ဟိန်းရတု၊ ကောင်းဆက်နိုင်၊ ကျော်မိုးပိုင်၊ သင်္ခသူ၊ ရာဇာထွန်း၊ မြတ်သူသူ၊ ဂရိတ်ချမ်း၊ ဆုထက်လှိုင်၊ သဇင်နွယ်ဝင်း၊ ခန့်၊ မေသက်ကျော်၊ ခိုင်သဇင်ငုဝါ၊ ဥဩသံသာ၊ ဆုဝတီ၊ မိုးသီရိထက်၊ မိုးဒီ၊ ဇော်ဦး၊ ထူးသာ၊ ဦးဝင်းမြိုင်၊ ခင်သန်းနွယ်၊ ခင်မိုမိုအေး၊ ဝါဝါအောင်၊ ဝင်းမင်းသန်း၊ ဟန်ထက်စံ၊ ရှိုင်းမာန်၊ ပန်းအိန္ဒြေထက်နဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
တချိန်က စိမ်းဝါနီရုပ်ရှင်ထုတ်လုပ်ရေးက ဒါရိုက်တာကြည်စိုးထွန်း ရိုက်ကူးအောင်မြင်ခဲ့ပြီး နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ လွင်မိုး၊ ဝေဠုကျော်၊ သျှားညို၊ ချမ်းသာကြည်စိုး၊ လျှမ်းထက်၊ ထွန်းအိန္ဒြာဗို၊ မျိုးသန္တာထွန်း၊ ခင်ဇာခြည်ကျော်၊ စိုးမြတ်နန္ဒာ၊ ဆုရွှန်းလဲ့ စတဲ့သူတွေများစွာ ပါဝင်ထားတဲ့ကားလည်းဖြစ်တယ်လို့ သိရပါတယ်။
